ကိုရီးယားနိုင်ငံ SICACO 2017 ကာတွန်းပြိုင်ပွဲတွင် မြန်မာကာတွန်းပညာရှင်များ ပါဝင်ယှဉ်ပြိုင်ရာ၌ Theme Prize၊ Best Prize အပါအဝင် ဆုများအသီးသီးရရှိ

ကိုရီးယားနိုင်ငံ SICACO 2017 ကာတွန်းပြိုင်ပွဲတွင် မြန်မာကာတွန်းပညာရှင်များ ပါဝင်ယှဉ်ပြိုင်ရာ၌ Theme Prize၊ Best Prize အပါအဝင် ဆုများအသီးသီးရရှိ
Published 15 December 2017

Best Prize ရရှိခဲ့သည့် ကာတွန်းငယ်ဦး၏ ကာတွန်းလက်ရာ

ကိုရီးယားနိုင်ငံ SICACO 2017 ကာတွန်းပြိုင်ပွဲတွင် မြန်မာကာတွန်းပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြရာ၌ ဆုများအသီးသီးရရှိခဲ့ကြကြောင်း သိရသည်။ SEJONG International Cartoon Contest ကို Success & Failure၊ World Cup၊ Free ခေါင်းစဉ်များဖြင့်ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ မြန်မာကာတွန်းပညာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကာတွန်းဇော်လင်းနိုင်က Theme Prize အားလည်းကောင်း၊ ကာတွန်းငယ်ဦးက Best Prize အားလည်းကောင်း၊ ကာတွန်းရာဇာသာစည်၊ ကာတွန်းအောင်သိန်းထိုက်၊ ကာတွန်း Zero၊ ကာတွန်းမြတ်ကိုကို၊ ကာတွန်းကိုဉာဏ်တို့က Honorable Mention ဆုများအားလည်းကောင်း အသီးသီးရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာကာတွန်းဆရာများရဲ့ လက်ရာများကို ပြသခွင့်ရတဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။ ကိုရီးယားပြိုင်ပွဲသာမက ခေါင်းစဉ်အမျိုးမျိုးနဲ့ တခြားနိုင်ငံတွေရဲ့ပြိုင်ပွဲတွေကိုလည်း ပေးပို့ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းပါရစေ” ဟု ကာတွန်းငယ်ဦးက ပြောကြားသည်။

SICACO 2017 ကာတွန်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအများအပြားမှ ကာတွန်းလက်ရာများအား ပေးပို့ယှဉ်ပြိုင်ခဲ့ကြသည့်အနက် မြန်မာကာတွန်းလက်ရာများကိုလည်း ပေးပို့ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဆုများအသီးသီးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကာတွန်းပြိုင်ပွဲတွင် ယခင်နှစ်များကလည်း မြန်မာကာတွန်းပညာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများလည်း အသီးသီးရရှိခဲ့ကာ ယခုနှစ်တွင်မူ Theme Prize၊ Best Prize နှင့် Honorable Mention ဆုများအားရရှိခဲ့ခြင်းဖြစ်သည်။ SICACO 2017 မှ ယခုနှစ်တွင် ခေါင်းစဉ်သုံးမျိုးအနက် မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်အောက်တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ဆုများအသီးသီး ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဆုရရှိသည့် ကာတွန်းလက်ရာများအား ပြပွဲတွင်ပြသထားမည့်အပြင် ပြပွဲအမှတ်တရထုတ်ဝေမည့် ကက်တလောက်တွင်လည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြန်မာကာတွန်းပညာရှင်များအနေဖြင့် နိုင်ငံတကာကာတွန်းပြပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည်မှာ ယခင်ကနည်းပါးခဲ့သော်လည်း ယခုနှစ်ပိုင်းများတွင် ပိုမိုများပြားလာခဲ့ပြီး ဆုများလည်းရရှိလာခဲ့ကာ နိုင်ငံတကာမှ မြန်မာကာတွန်းပညာရှင်များအား ဖိတ်ခေါ်မှုလည်း ပိုမိုများပြားလာကြောင်း သိရသည်။

Most Read

Most Recent