ရွှေကမ္ဘာလုံးဆု ဆန်ခါတင် စာရင်းတွင် The Shape of Water က ဆုအများဆုံးအတွက် လျာထားခံရ

ရွှေကမ္ဘာလုံးဆု ဆန်ခါတင် စာရင်းတွင် The Shape of Water က ဆုအများဆုံးအတွက် လျာထားခံရ
Published 13 December 2017

(၇၅)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းကို ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ရာတွင် The Shape of Water ဇာတ်ကားက ဆုခုနစ်ဆုအတွက် ဦးဆောင်ခဲ့သည်။

၁၉၆၀ ပြည့်လွန်နှစ်ကာလများကို ဇာတ်အိမ်ပြုရိုက်ကူးထားသည့် ဒါရိုက်တာ Guillermo del Toro ၏ The Shape of Water ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုနှင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု အပါအဝင် ထိပ်တန်းဆုခုနစ်ဆုအတွက် လျာထားခံခဲ့ရသည်။ The Post နှင့် Three Billboards outside Ebbing, Missouri ဇာတ်ကားတို့က ဆုခြောက်ဆုအတွက် လျာထားခံခဲ့ရပြီး Lady Bird ဇာတ်ကားက ဆုလေးဆုအတွက် လျာထားခံခဲ့ရသည်။

အကောင်းဆုံး ဇာတ်ကားဆုအတွက် လျာထားစာရင်းတွင် Call Me By Your Name၊ ဒုတိယကမ္ဘာစစ်ပွဲနောက်ခံ ဇာတ်ကား Dunkirk၊ The Post နှင့် Three Bill boards Outside Ebbing, Missouri ဇာတ်ကားတို့လည်း ပါဝင်ခဲ့သည်။

The Crown၊ Game of Thrones၊ The Handmaid's Tale၊ Stranger Things  နှင့် This is Us တို့က အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲဆုအတွက် လျာထားခံခဲ့ရသည်။

A Fantasitc Woman ၊ First They Killed My Father ၊ In the Fade၊ Loveless နှင့် The Square ဇာတ်ကားတို့က အကောင်းဆုံးနိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားဆုအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အထင်ကရ ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက ဆယ်စုနှစ်များစွာအတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များစွာ ထွက်ရှိခဲ့ပြီးနောက် ရွှေကမ္ဘာလုံးဆုပေးပွဲသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပြုအမူအား လက်မခံနိုင်မှုကို လက်တွေ့ပြသရန် ဟောလိဝုဒ်အတွက် အခွင့်အရေးတစ်ခုဟု ယူဆရသည်။

Weinstein ကုမ္ပဏီသည် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် သရုပ်ဆောင် ကယ်ဗင်စပေ့စီ၊  ဂျက်ဖရေးတမ်ဘော၊ လူးဝစ်စီကေနှင့် ထုတ်လုပ်သူ ဘရတ်ရတ်နာတို့သည် ဆန်ခါတင်စာရင်းတွင် ထည့်မသွင်းခံခဲ့ရပေ။ ၂၀၁၅ ခုနှစ်တွင် House of Cards ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သည့် စပေ့စီသည် လူငယ်များကို မဖွယ်မရာပြုမူခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နောက်ထပ် ရွှေကမ္ဘာလုံးဆု ရမည့်အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။

(၇၅)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၇ ရက်တွင် ဘီဗာလီဟေး၌ ကျင်းပမည်ဖြစ်ပြီး အမေရိကန် ဟာသသရုပ်ဆောင် ဆာ့သ်မီယာက အစီအစဉ် တင်ဆက်မည်ဖြစ်သည်။

Most Read

Most Recent