MMA ကစားသမား မက်ဂရီဂေါ်နှင့် ထိုးသတ်ရန် ဆွေးနွေးနေဟု ပက်ကီယောင်း ပြောကြား

MMA ကစားသမား မက်ဂရီဂေါ်နှင့် ထိုးသတ်ရန် ဆွေးနွေးနေဟု ပက်ကီယောင်း ပြောကြား
Published 11 December 2017

လက်ဝှေ့ကြိုးဝိုင်းအတွင်း ထိုးသတ်ရန် ဆွေးနွေးနေသည့် ပက်ကီယောင်း (Photo: AFP)

နာမည်ကြီး ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းက ဘက်စုံကိုယ်ခံပညာသုံး MMA တိုက်ခိုက်ရေးကစားသမား မက်ဂရီဂေါ်နှင့် ဧပြီလအတွင်း ထိုးသတ်ရန် ဆွေးနွေးနေကြောင်း ပြောကြားသည်။

မက်ဂရီဂေါ်သည် ပြီးခဲ့သည့် သြဂုတ်တွင် အမေရိကန်လက်ဝှေ့သမား မေဝယ်သာနှင့် လက်ဝှေ့ကြိုးဝိုင်းအတွင်း ပထမဆုံးအကြိမ် ထိုးသတ်ရာ ၁၀ ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။ ပက်ကီယောင်းမှာလည်း ဇူလိုင်တွင် သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းကို အမှတ်ဖြင့်ရှုံးနိမ့်ကာ WBO ဝယ်လ်တာဝိတ်ချန်ပီယံခါးပတ် စွန့်လွှတ်ထားရသည်။ ဖိလစ်ပိုင်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်နေသည့် ပက်ကီယောင်းက ဒီဇင်ဘာ ၈ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် လာမည့်ပွဲစဉ်နှင့်ပတ်သက်၍ “နှစ်ဦးနှစ်ဖက် ဆွေးနွေးနိုင်ရင်တော့ ကျွန်တော့်ဘက်က ပြဿနာမရှိပါဘူး။ ဒီပွဲက နှစ်ယောက်စလုံးအတွက် အဆင်ပြေစေမှာပါ။ လက်ရှိမှာ ကနဦးအဆင့်ပဲ ရှိသေးပြီး ထပ်ပြီးတော့ မဆွေးနွေးရသေးပါဘူး” ဟု ပြောကြားသည်။

လက်ဝှေ့ကြိုးဝိုင်းအတွင်း ထိုးသတ်ရန် ဆွေးနွေးနေသည့် မက်ဂရီဂေါ် (Photo: AFP)

ပက်ကီယောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာတွင်လည်း မက်ဂရီဂေါ်နှင့် ထိုးသတ်မည်ဖြစ်ကြောင်း ၎င်း၏ Twitter နှင့် Instagram မှ တစ်ဆင့် အရိပ်အမြွက် ပြောကြားထားသည်။ လာမည့်ပွဲစဉ်ကို ဧပြီလ အတွင်း မလေးရှား၊ ဒူဘိုင်း (သို့မဟုတ်) မကာအို၌ ကျင်းပမည်ဖြစ်ပြီး ဂျက်ဖ်ဟွန်းနှင့်မကျေပွဲ ပြန်လည် ထိုးသတ်ဖွယ်ရှိသလို WBA စူပါမစ်ဒယ်ဝိတ်တန်း/ WBC ဝယ်လ်တာ ဝိတ်တန်းချန်ပီယံ ကိသ်သာမန်းနှင့်လည်း ထိုးသတ်ဖွယ်ရှိကြောင်း ပက်ကီယောင်းက ပြောကြားထားသည်။ MMA ပွဲစဉ်များ ထိုးသတ်မှု ရပ်နားထားသည့် မက်ဂရီဂေါ်ကမူ ပက်ကီယောင်းနှင့်ပွဲအတွက် မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent