ရှုကျီက ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်များကို ခေတ္တရပ်နား

ရှုကျီက ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်များကို ခေတ္တရပ်နား
Published 8 December 2017

ထိုင်ဝမ် မော်ဒယ်၊ သရုပ်ဆောင် ရှုကျီက ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်များကို ခေတ္တရပ်နားမည်ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

မိမိ၏ မျက်နှာသည် ဓာတ်မတည့်၍ ရောင်ရမ်းခြင်း ဖြစ်ပွားနေသည့်အတွက် အနားယူရန် ဆရာဝန်က ညွှန်ကြားခဲ့သည်ဟု အသက် ၄၁ နှစ်အရွယ်ရှိ ရှုကျီက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဒီဇင်ဘာ ၅ ရက် ညပိုင်း၌ Instagram တွင် နှုတ်ဆက်မက်ဆေ့ချ် တစ်ခုတင်ပြီးနောက် ရှုကျီတွင် ကိုယ်ဝန်ရှိနေသည်ဆိုသော ကောလာဟလများ ထွက်ရှိခဲ့သည်။ ရှုကျီက အနုပညာလောကမှ လုံးဝအနားယူခြင်းမဟုတ်ဟု NetEase သို့ ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဖြန့်ချိမည့် Shanghai Fortress ဇာတ်ကား ရိုက်ကူးပြီးစီးချိန်၌ အနားယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ရှုကျီက ဆိုသည်။

“ညတွင်းချင်း ကောလာဟလတွေ ဘယ်လိုများထွက်ခဲ့ပါလိမ့်။ ကျွန်မရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ အနားယူတာပါ။ ဆရာဝန်က ကျွန်မကို ဇာတ်ကားဆက်မရိုက်ဖို့ ညွှန်ကြားခဲ့တယ်။ အချိန်အကြာကြီးနားမှာလည်း မဟုတ်ပါဘူး” ဟု ရှုကျီက Apple Daily ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

ရှုကျီသည် ဟောင်ကောင်သရုပ်ဆောင်၊ ဒါရိုက်တာ စတီဖင်ဖန်နှင့် ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၁၉၉၇ ခုနှစ်တွင် Bishonen ဇာတ်ကားရိုက်ကွင်း၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရွှေမြင်းဆုရှင် ရှုကျီသည် So Close၊ If You Are The One၊ Tai Chi Zero၊ Journey To The West၊ The Assassin နှင့် The Adventurers ဇာတ်ကားတို့ဖြင့် အောင်မြင်ခဲ့ပြီး တရုတ်တွင် ဝင်ငွေအများဆုံးရ အမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

Most Read

Most Recent