သရုပ်ဆောင်တစ်ဦးအဖြစ် မြင်တွေ့ခွင့်ရတော့မယ့် အလှမယ် မေဘရဏီသော်၏ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင်တစ်ဦးအဖြစ် မြင်တွေ့ခွင့်ရတော့မယ့် အလှမယ် မေဘရဏီသော်၏ ငယ်ဘဝဖြတ်သန်းရာ
Published 7 December 2017

လှပခြင်းဆိုတာ မိန်းကလေးတို့ပိုင်ဆိုင်တဲ့ တင့်တယ်တဲ့ ဂုဏ်ကျက်သရေတစ်ခုပါ။ ဒီလိုလှပတင့်တယ်မှု၊ ပင်ကိုဉာဏ်ထက်မြက်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ ပွင့်လင်းပျူငှာမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုစတဲ့ အရည်အချင်းတွေကို ဖော်ထုတ်စစ်ဆေးတဲ့ အလှမယ် ရွေးချယ်ပွဲတွေကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ ခေတ်အဆက်ဆက် ကျင်းပခဲ့ကြပါတယ်။ ဒီလိုကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲပေါင်းများစွာအနက်က ထိပ်တန်းအလှမယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Universe အလှမယ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအလှမယ်တွေက ၂၀၁၃ ခုနှစ်ကစတင်ပြီး ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ Miss Universe ပြိုင်ပွဲကို တတိယမြောက် ကိုယ်စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သလို အကြိုကျင်းပခဲ့တဲ့ပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ခြေချော်လဲခဲ့ပေမယ့် ချက်ချင်းပြန်လည်ရပ်လို့ ယုံကြည်ချက်အတိုင်း ဆက်လက် ယှဉ်ပြိုင်နိုင်သူ တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ဝန်းက ပြိုင်ပွဲဝင်တွေနဲ့ အားပေးသူတွေကြားမှာ ချီးမွမ်းစကားတွေ ရရှိခဲ့သူဖြစ်တဲ့ အလှမယ် မေဘရဏီသော်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရတွေကို တင်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင်အလှမယ် မေဘရဏီသော်ကို အောက်တိုဘာ ၁၉ ရက် ၁၉၉၀ ပြည့်နှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးလှမြင့်နဲ့ ဒေါ်ဝင်းဝင်းကျင်တို့က မွေးဖွားခဲ့ကြပါတယ်။ ရန်ကုန်ဇာတိဖြစ်တဲ့ မေဘရဏီသော်မှာ မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီး အသက်များစွာ ကွာခြားတာကြောင့် ငယ်စဉ်ဘဝမှာ အလိုလိုက် ဂရုစိုက်ခံခဲ့ရသူ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေး ဘဝမှာ ချူချာတာကြောင့် အရမ်းကြီးဆော့ကစားတာမျိုး သိပ်မရှိဘဲ အနေအေးခဲ့တယ်လို့လည်း မေဘရဏီသော်က ဆိုပါတယ်။ ကျောင်းပညာရေး အနေနဲ့ကတော့ မူလတန်းမှာ အ.မ.က (၃) မြောက်ဥက္ကလာမှာ တက်ရောက်ခဲ့ပြီး အလယ်တန်းနဲ့ အထက်တန်းကိုတော့ အ.ထ.က(၂)ဗဟန်းကျောင်းမှာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ ပုံမှန်အနေအထားပဲရှိပြီး ထူးချွန်သူ တစ်ယောက်တော့ မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အနေအေးလို့ သူငယ်ချင်းလည်း နည်းပါးသူတစ်ယောက်လို့ ပြောပြခဲ့ပါတယ်။

ငယ်စဉ်ကလေးဘဝတည်းက အနုပညာဝါသနာအနေနဲ့ ဖက်ရှင်မဂ္ဂဇင်းတွေ ဖတ်ရတာ စိတ်ပါဝင်စားပြီး မော်ဒယ်လ်ရှိုးတွေကိုလည်း ကြည့်ရတာပျော်ရွှင်တယ်လို့ ဆိုပါတယ်။ ကျောင်းတက်စဉ်အချိန်မှာ အနုပညာလှုပ်ရှားမှုတွေလုပ်ဖို့ မိဘက ခွင့်မပြုတာကြောင့် ပါဝင်ခွင့်မရရှိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အမှတ်တရအနေနဲ့ ခြောက်တန်းနှစ်မှာ ကျောင်းကပွဲတစ်ခုမှာ အမေမသိအောင် ခိုးကခဲ့ဖူးတယ်လို့ ရယ်ရယ်မောမောနဲ့ ဆိုခဲ့ပါသေးတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ ကျောင်းပညာရေးကိုသာ ဆက်လက်သင်ကြားနေခဲ့ပြီး တစ်ဖက်ကလည်း ပြင်ပပညာရေးအနေနဲ့ LCCI Level (3) အောင်မြင်တဲ့အထိ တက်ရောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေကို ဝါသနာအရ စမ်းလုပ်ကြည့်ချင်ပေမဲ့ လူကြောက်တတ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းတဲ့စိတ်တွေကြောင့် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“မေက အနုပညာကို ဝါသနာပါတယ်။ ဒါပေမဲ့ လူအရမ်းကြောက်တတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိဘူး။ ဒါကြောင့်ဖြစ်မှာ မဟုတ်ပါဘူးလေဆိုပြီးပဲ အမြဲတွေးဖြစ်တယ်။ အဲဒါနဲ့ပဲ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ၂၀၁၃ ကို ရောက်တဲ့အခါမှာတော့ ကိုယ်ဝါသနာပါရာ လုပ်ကြည့်မယ်ဆိုတဲ့ စိတ်နဲ့စပြီး လုပ်ဖြစ်သွားတာ” လို့ မေဘရဏီသော်က အနုပညာခရီးလမ်းအစကို ရှင်းပြခဲ့ပါတယ်။ မေဘရဏီသော်က ပထမဆုံး အနုပညာခြေလှမ်း အနေနဲ့ Star Int'l Models Agency မှာ မော်ဒယ်လ်သင်တန်းတက်ခဲ့ပြီး Miss People ပြိုင်ပွဲကို ပထမဆုံး ဝင်ပြိုင်ဖြစ်ခဲ့ရာမှာတော့ 1 st Runner Up ဆုကို ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ၂၀၁၄ မှာကျင်းပတဲ့ Miss Myanmar International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 1 st Runner Up ဆုကို ထပ်မံရရှိခဲ့ပါတယ်။ မေဘရဏီသော်ရဲ့ ကံကြမ္မာ အချိုးအကွေ့တစ်ခု အနေနဲ့ Miss Myanmar International Winner ဆုရှင် ခင်ဝေဖြိုးဟန်က ပြိုင်ပွဲဝင်ဖို့ အသက်မမီတာကြောင့် 1 st Runner Up ဆုရှင်ဖြစ်တဲ့ မေဘရဏီသော်က ကိုယ်စားသွားရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပါတယ်။

အားပေးမှုဝေဖန်မှု များစွာကြားကပဲ Miss International ပြိုင်ပွဲကိုသွားရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံကောင်းများစွာကို ရရှိစေခဲ့ပါတယ်။ ဒီနောက်မှာတော့ Miss Universe 2015 အတွက် လျှောက်လွှာတွေ ခေါ်ယူချိန်မှာတော့ ကမ္ဘာ့ထိပ်တန်းအလှမယ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ချင်တဲ့စိတ်တွေက ယှဉ်ပြိုင်ဖို့အတွက် တိုက်တွန်းနှိုးဆော်နေခဲ့ပါတယ်။ မိဘဆွေမျိုးများနဲ့ မိတ်ဆွေအသိုင်းအဝန်းများ တားမြစ်နေတဲ့ကြားကပဲ မေဘရဏီသော်က Miss Universe Myanmar 2015 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာတော့ Miss Universe Myanmar 2015 Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရှိခဲ့ပြီးသား အလှမယ်တစ်ယောက်က ထပ်မံရွေးချယ်ခံခဲ့ရတာဖြစ်တဲ့အတွက် ဝေဖန်မှုများစွာ ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအရာတွေနဲ့ ပတ်သက်လို့တော့ အလှမယ်မေဘရဏီသော်က “Miss Universe Myanmar ကို မပြိုင်ခင်တုန်းကလည်း မိဘတွေရော မိတ်ဆွေတွေအားလုံးကပါ ဝိုင်းပြီးတားကြတယ်။ တကယ်လို့များ မရွေးခံရရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒီလို တားမြစ်တဲ့ကြားထဲကပဲ ဝင်ပြိုင်ဖြစ်ခဲ့တာ။ တကယ်တမ်း ရွေးခံရတော့လည်း ဝေဖန်မှုတွေ အများကြီးခံရတယ်။ ဒါပေမဲ့ အဲဒီဝေဖန်မှုတွေကြောင့် စိတ်ညစ်တာတွေ၊ အားငယ်တာတွေအစား ဘာလုပ်လို့ရမလဲ စဉ်းစားတယ်။ ဝေဖန်မှုအားလုံးကို ဖတ်ကြည့်တယ်။ ဘယ်အပိုင်းကို ပြုပြင်လို့ရမလဲဆိုတာ တွေးတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်လို့လည်း အကောင်းဆုံးပြင်ဆင်တယ်။ မေယုံကြည်ထားတာက မြန်မာကိုယ်စားပြုတစ်ယောက် အနေနဲ့ တတ်စွမ်းသလောက်ကြိုးစားဖို့ လိုတယ်။ အဲဒီစိတ်နဲ့ပဲ ဝေဖန်မှုတွေအားလုံးကို ကြံ့ကြံ့ခံခဲ့ပါတယ်” လို့ ဆိုပါတယ်။

မေဘရဏီသော်က မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ Miss Universe ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအကြိုကျင်းပတဲ့ စင်မြင့်ထက်မှာ ခြေချော်ခဲ့ပေမယ့် ဟန်မပျက်ဘဲ ချက်ချင်းပြန်ထပြီး ယုံကြည်ချက်ရှိရှိ ဆက်လက်လျှောက်လှမ်းသွားဟန်က ကမ္ဘာ့အလှမယ်များအလယ်မှာ အံ့အားသင့် ချီးကျူးစရာတစ်ခု ဖြစ်စေပါတယ်။

မေဘရဏီသော်ရဲ့ ပြိုင်ပွဲအမှတ်တရ နောက်တစ်ခုကတော့ Miss Universe 2015 ဆုရှင်ဖိလစ်ပိုင်အလှမယ်နဲ့ အခန်းဖော်ဖြစ်ခွင့်ရခဲ့ခြင်း အတွေ့အကြုံကိုတော့ “ဖိလစ်ပိုင်အလှမယ်နဲ့ အခန်းဖော်ဖြစ်ခွင့်ရတာ အရမ်းလည်း အမှတ်တရဖြစ်ပါတယ်။ သူက ပွင့်လင်းဖော်ရွေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အရမ်းရှိတယ်။ စိတ်ဓာတ်ခွန်အားလည်း တော်တော်လေးပြည့်ဝပါတယ်။ ပွဲနောက်ဆုံးနေ့ အတွေ့အကြုံဆိုရင်လည်း အားလုံးက အံ့သြတကြီးဖြစ်ရတာမျိုးလေ။ ဘယ်လိုပဲဖြစ်ဖြစ် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေလို့ ဆိုရမှာပါ” လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ မေဘရဏီသော်ရဲ့ ခြေလှမ်းအသစ်တစ်ခုဖြစ်တဲ့ သရုပ်ဆောင် စွမ်းရည်ကို “ပန်းနှစ်ပွင့်စီးချင်း” လို့ နာမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ အပြိုင်သရုပ်ဆောင်မှုကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဥပဒေရဲ့ အဆုံးအဖြတ်၊ အမှန်တရားအတွက် ဖော်ထုတ်မှု စတာတွေကို ရဲဝံ့စွာဆောင်ရွက်မယ့် ရှေ့နေမလေးတစ်ဦး အသွင်သရုပ်ဆောင်ထားတာပါ။ မေဘရဏီသော်က သရုပ်ဆောင်တစ်ဦး အနေနဲ့ ခြေလှမ်းများစွာ ဆက်လက်လျှောက်လှမ်းသွားဦးမှာ ဖြစ်ပါတယ်။

Most Read

Most Recent