<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ်လဒုတိယပတ်ခန့်၌ ကျင်းပရန်လျာထားပြီး သတ်မှတ်ထားသည့် ဆုအရေအတွက် ၁၁ ဆုလုံး ချီးမြှင့်မည်

၂၀၁၆ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအား တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လဒုတိယပတ်၌ ကျင်းပရန် လျာထားပြီး သတ်မှတ်ထားသည့်ဆု အရေအတွက် ၁၁ ဆုလုံး ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီ ထူးချွန်ဆုပေးအပ်ချီးမြှင့်နိုင်ရန် အကယ်ဒမီထူးချွန်ဆု စိစစ်အကဲဖြတ်အဖွဲ့အား ဒီဇင်ဘာအတွင်း ဖွဲ့စည်းရန် စီစဉ်ထားကြောင်း သိရသည်။ အကယ်ဒမီ စိစစ်အကဲဖြတ်အဖွဲ့ဝင်များအနေဖြင့် ယခင် သတ်မှတ်ထားပြီးဖြစ်သည့် စိစစ် အကဲဖြတ်စည်းမျဉ်းများဖြင့်သာ အကယ်ဒမီဆုများအား စိစစ်ရွေးချယ်မည်ဖြစ်သော် လည်း သတ်မှတ်ထားသည့် ဆုအရေအတွက်  ၁၁ ဆုလုံးအား ရွေးချယ်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် အတိအလင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အကယ်ဒမီထူးချွန်ဆုတွေကို စိစစ် အကဲဖြတ်ဖို့အတွက် ဒီဇင်ဘာလအတွင်းမှာပဲ စိစစ်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းသွားပါမယ်။ အဖွဲ့ဝင်တွေအနေနဲ့ ယခင်သတ်မှတ်ထားပြီးသား စည်းမျဉ်းစည်းကမ်းများနဲ့သာ အကယ်ဒမီဆုတွေကို စိစစ်ရွေးချယ်မှာဖြစ်ပေမဲ့ သတ်မှတ်ထားတဲ့ဆုအမျိုးအစား ၁၁ ခုလုံးကို စိစစ်ရွေးချယ်ပေးဖို့ အတိအလင်းပြောကြားသွားမှာပါ။ အကယ်ဒမီဆိုတာ တစ်နှစ်တာလုံးအတွက် အကောင်းဆုံးဆုတွေကို ရွေးချယ်ပေးအပ်တာဖြစ်လို့ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေထဲက သတ်မှတ်ဆုအမျိုးအ စားအလိုက် အကောင်းဆုံးသူတွေကို ရွေးချယ်ပေးအပ်မှာဖြစ်ပါတယ်။ ယခင်နှစ်များကလို ဘယ်ဆုကတော့ ချန်ခဲ့တယ်၊ ဘယ်ဆုကတော့ ကျန်ခဲ့တယ်ဆိုတာမျိုး မရှိဘဲ ဆုအမျိုးအစားအားလုံးကို ရွေးချယ်ပေးအပ်မှာ ဖြစ်ပါတယ်။ အကယ်ဒမီပွဲကိုတော့ မတ်လ ဒုတိယပတ်မှာ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။

အကယ်ဒမီထူးချွန်ဆုစိစစ်အကဲဖြတ် ခြင်းနှင့်ပတ်သက်၍ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကလည်း “အကယ်ဒမီနဲ့ပတ်သက်လို့ကတော့ စိစစ်အကဲဖြတ်အဖွဲ့က တော်တော်အရေးကြီးပါတယ်။ ၀ါရင့်အနုပညာရှင်တွေနဲ့ ဖွဲ့စည်းတယ်ဆိုပေမဲ့ လက်ရှိ အနုပညာဖန်တီးမှုပုံစံတွေကို မသိတာမျိုး၊ အံဝင်ခွင်ကျ မဖြစ်တော့တာမျိုးလည်း ရှိနိုင်တယ်။ ဦးမျိုးတို့လည်း တစ်နေ့ အသက်ကြီးရင် ဒါမျိုးဖြစ်မှာပါပဲ။ ဒါတွေက ထည့်စဉ်းစားရမယ့်အချက်ပါ။ တစ်နှစ်တာလုံးရဲ့အကောင်းဆုံးဆုကို ပေးတာဖြစ်တဲ့အတွက် ဆု အမျိုးအစားအားလုံးကိုလည်း မဖြစ်မနေပေးသင့်တယ်။ ဒါတွေက ပြုပြင်သွားရမယ့် အချက်တွေပါ”ဟု သုံးသပ်ခဲ့သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီအတွက် စိစစ်အကဲဖြတ်အဖွဲ့ ဖွဲ့စည်းနိုင်ရန် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များအား ရွေးချယ်လျက်ရှိပြီး ယခုနှစ်တွင် ရုံတင် ပြသခဲ့သည့် ဇာတ်ကားအရေအတွက်မှာ ယခင်နှစ်များကထက် နှစ်ဆနီးပါး ပိုမိုများ  ပြားလာသဖြင့် အချိန်ယူစိစစ်ရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီထူးချွန်ဆုများအား ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူပေးအပ်ခဲ့ရာ၌ နှစ်စဉ်တိုင်းတွင် ဆုများရွေးချယ် ပေးအပ်မှုအပေါ် ဝေဖန်မှုအချို့ ထွက်ပေါ် ခဲ့ပြီး ယခုနှစ်တွင်မူ ရုပ်ရှင်အစည်းအရုံးအမှု ဆောင်သစ်အဖွဲ့၏ ပထမဆုံးအကယ်ဒမီ ပေးပွဲအဖြစ် ကျင်းပနိုင်ရန် စတင်ပြင်ဆင်နေခြင်းဖြစ်သည်။