Grand Prize နှင့်အတူ Universal Music နှင့်လက်တွဲကာ တေးအယ်လ်ဘမ် ထုတ်ဝေခွင့်ရရှိမည့် The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲ ဖေဖော်ဝါရီတွင် စတင်ထုတ်လွှင့်မည်

Grand Prize နှင့်အတူ Universal Music နှင့်လက်တွဲကာ တေးအယ်လ်ဘမ် ထုတ်ဝေခွင့်ရရှိမည့် The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲ ဖေဖော်ဝါရီတွင် စတင်ထုတ်လွှင့်မည်
Published 4 December 2017

Coach တစ်ဦးအဖြစ်ပါဝင်မည့် တေးသံရှင်လင်းလင်း

Grand Prize နှင့်အတူ ကမ္ဘာကျော် Universal Music နှင့်လက်တွဲကာ တေးအယ်လ်ဘမ် ထုတ်ဝေခွင့်ရရှိမည့် The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး MRTV 4 ရုပ်သံလိုင်းမှတစ်ဆင့် ဖေဖော်ဝါရီလမှ စတင်ကာ ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

The Voice Myanmar 2018 မှာ အခြားသော သီချင်းဆို ပြိုင်ပွဲများဖြင့်ကွဲပြားသည့် ယှဉ်ပြိုင်မှုများ ပါဝင်မည်ဖြစ်ပြီး ထိပ်တန်းအနုပညာရှင်လေးဦးက Coach များအဖြစ် ပါဝင် ဆောင်ရွက်မည်ဖြစ်သည်။ Coach များအဖြစ် ပါဝင်ဆောင်ရွက်မည့်သူများမှာ တေးရေး တေးသံရှင် လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချန်းနှင့် နီနီခင်ဇော်တို့ဖြစ်ကြောင်း သိရသည်။

The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲတွင် Level လေးခုဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပထမဆုံးအဆင့်တွင် Online Audition အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Online Audition ပါဝင်လိုသူများအား နိုဝင်ဘာ ၃ ရက်အထိ ခေါ်ယူထားပြီးဖြစ်ကာ လျှောက်ထားလာသူများထဲမှ အရည်အချင်း ရှိသည့်ပြိုင်ပွဲဝင်များကို ဒုတိယအဆင့်ဖြစ်သည့် Blind Audition သို့ ဆက်လက်ယှဉ် ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

Blind Audition တွင် နောက်ကျောပေးထားသည့် ခုံလေးခုံ၌ Coach လေးဦးက ထိုင်နေမည် ဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ အသံအရည်အသွေး တစ်ခုတည်းကိုသာ နားဆင်ခံစားကာ မိမိတို့ နှစ်သက်သည့်ပြိုင်ပွဲဝင်အား ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုအား နားဆင်ရင်း မိမိတို့အဖွဲ့သို့ ရွေးချယ်လိုသည့် Coach အနေဖြင့် ထိုင်ခုံတွင် တပ်ဆင်ထားသည့်ခလုတ်အားနှိပ်ကာ ရွေးချယ်နိုင်မည်ဖြစ်ပြီး ရွေးချယ်ပြီးပါက ထိုင်ခုံအားလှည့်ကာ ရွေးချယ်လိုက်သည့်ပြိုင်ပွဲဝင်၏ ယှဉ်ပြိုင်မှုကို ဆက်လက်ခံစားကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သီဆိုအစစ်ခံမှုပြီးဆုံးချိန်တွင် Coach တစ်ဦးထက်ပို၍ ရွေးချယ်ခံရပါက ပြိုင်ပွဲဝင်အနေဖြင့် မိမိတို့ နှစ်သက်သည့် Coach အား ရွေးချယ်ကာ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Battle Round အဆင့်တွင် Coach တစ်ဦး ချင်းစီအောက်၌ရှိသော အဖွဲ့တူပြိုင်ပွဲဝင်နှစ်ဦးစီ ရွေးချယ်ကာ သီချင်းတစ်ပုဒ်တည်းကို သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သီဆိုယှဉ်ပြိုင်ရမည့်သီချင်းနှင့် တွဲဖက်ယှဉ် ပြိုင်ရမည့်ပြိုင်ပွဲဝင်နှစ်ဦးကို Coach က ရွေးချယ်ပေးမည်ဖြစ်ကာ သီဆိုယှဉ်ပြိုင်မှုအပြီးတွင် တစ်ဦးကို Coach က ရွေးချယ်ပေးမည် ဖြစ်ကြောင်း သိရသည်။ Battle Round တွင် Coach တစ်ဦးချင်းစီ၌ လက်ရွေးစင်ပြိုင်ပွဲဝင်ခြောက်ဦးစီ ကျန်ရှိမည်ဖြစ်သည်။

Live Broadcast အဆင့်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုဖြစ်ပြီး ပရိသတ်မဲပေးရွေးချယ်မှုကိုသာ အဆုံးအဖြတ်အဖြစ် ရယူမည်ဖြစ်ကာ မဲအနည်းဆုံးပြိုင်ပွဲဝင်နှစ်ဦးစီက ရက်သတ္တပတ်အလိုက် နှုတ်ဆက်ထွက်ခွာရမည်ဖြစ်ပြီး အဆိုပါအဆင့်တွင် Coach များအနေဖြင့် အကြံပေးမှုသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent