ဆလီနာဂိုမက်ဇ်က ကျောက်ကပ်လှူဒါန်းခဲ့သည့် သူငယ်ချင်းကို Billboard ဆုပေးပွဲတွင် ကျေးဇူးတင်စကား ပြောကြား

ဆလီနာဂိုမက်ဇ်က ကျောက်ကပ်လှူဒါန်းခဲ့သည့် သူငယ်ချင်းကို Billboard ဆုပေးပွဲတွင် ကျေးဇူးတင်စကား ပြောကြား
Published 3 December 2017

Photo : AFP

အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုမက်ဇ်သည် နိုဝင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည့် Billboard Women in Music ဆုပေးပွဲတွင် Woman of the Year ဆု လက်ခံရယူစဉ် ၎င်းအား ကျောက်ကပ်လှူဒါန်းခဲ့သည့် သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဖရန်စီယာရွိုင်ဆာကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဖရန်စီယာရွိုင်ဆာက ဂိုမက်ဇ်ကို Woman of the Year ဆုပေးအပ်စဉ် ဂိုမက်ဇ်က မျက်ရည်ကျခဲ့သည်။

“သူ (ဖရန်စီယာရွိုင်ဆာ) က ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာပါ။ တကယ်တော့ ဒီဆုကို သူရသင့်တာပါ” ဂိုမက်ဇ်က ပြောကြားခဲ့သည်။ ခက်ခဲကြမ်းတမ်းခဲ့သည့် တစ်နှစ်တာအတွင်း ကူညီပေးခဲ့သည့် ၎င်း၏မိသားစုနှင့်   အဖွဲ့သားများကိုလည်း ဂိုမက်ဇ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆလီနာဂိုမက်ဇ်သည် ကိုယ်ခံအားစနစ် ဖောက်ပြန်သော ရောဂါတစ်မျိုးဖြစ်သည့် Lupus အတွက် နောက်ဆုံးကုသမှုအဖြစ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း၊ ၎င်းအတွက် သူငယ်ချင်းဖြစ်သူ ဖရန်စီယာရွိုင်ဆာက ကျောက်ကပ်လှူဒါန်း ခဲ့ကြောင်းကို စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့သည့် နွေရာသီတွင် လူမြင်ကွင်းမှ ပျောက်နေခဲ့မှုကို ရှင်းပြခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ  ရွိုင်ဆာသည် The Secret Life of the American Teenager ဇာတ်လမ်းတွဲနှင့် Bring If On: All or Nothing ဇာတ်ကားတို့ဖြင့် လူသိများခဲ့သူဖြစ်ပြီး ဂိုမက်ဇ်၏ သီချင်းဗီဒီယိုများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂိုမက်ဇ်က Lupus ရောဂါကြောင့်၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် အာရှနှင့် သြစတြေးလျ ဖျော်ဖြေပွဲ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပြီး ဓာတုကုထုံးဖြင့် ကုသမှုခံယူခဲ့ရသည်။ ယင်းရောဂါ၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်သည့် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှု ဖြစ်ပွားခြင်းတို့ကို ကုသရန် အရီဇိုးနားပြည်နယ်ရှိ ပြန်လည်ထူထောင်ရေး စင် တာတွင် ရက် ၉၀ ကြာနေထိုင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒစ္စနေ၏ Wizards of Waverly Place ဇာတ်လမ်းတွဲဖြင့် အောင်မြင်ခဲ့သည့် ဂိုမက်ဇ်သည် အဆိုတော် ဂျက်စတင်ဘီဘာနှင့် လေးနှစ်ကြာ တွဲခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် လမ်းခွဲခဲ့သည်။ ကနေဒါ အဆိုတော် The Weekend နှင့်တွဲနေကြောင်း ယခုနှစ်အစောပိုင်းတွင် အတည်ပြုခဲ့သော်လည်း ရည်းစားသက်တမ်း ၁၀ လအကြာ အောက်တိုဘာတွင် လမ်းခွဲခဲ့သည်။

Most Read

Most Recent