<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

Thor ၏အောင်မြင်မှုက ဝေါဒစ္စနေ၏ ယခုနှစ် လက်မှတ်ရောင်းချမှု ၀င်ငွေ ဒေါ်လာငါးဘီလျံ ကျော်စေခဲ့

Thor: Ragnarok ဇာတ်ကား၏အောင်မြင်မှုကြောင့် ဝေါဒစ္စနေ၏ ၂၀၁၇ ခုနှစ် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာငါးဘီလျံကျော်ရှိခဲ့ပြီး သုံးနှစ်ဆက်တိုက် ၀င်ငွေ ဒေါ်လာ ငါးဘီလျံကျော် ရရှိသည့် ပထမဆုံးဖြန့်ချိရေး ကုမ္ပဏီဖြစ်လာခဲ့သည်ဟု ယင်းကုမ္ပဏီက နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဝေါဒစ္စနေ၏ လက်အောက်ခံကုမ္ပဏီခွဲ ဖြစ်သည့် မာဗယ် စတူဒီယိုက ထုတ်လုပ်ခဲ့သည့် စူပါဟီးရိုးဇာတ်ကား Thor: Ragnarok သည် ကမ္ဘာတစ်ဝန်းလက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၈၀၀ နီးပါး ရရှိခဲ့မှုကြောင့် ၂၀၁၇ ခုနှစ်တွင် ဒစ္စနေကုမ္ပဏီအတွက် မြောက်အမေရိကတွင် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံနှင့် ပြည်ပတွင် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ ရရှိစေခဲ့သည်။ ဝေါဒစ္စနေအတွက် သေချာပေါက်အောင်မြင်မည့် ဇာတ်ကားဖြစ်သော Star Wars: The Last Jedi ကို မဖြန့်ချိရသေးသော်လည်း ဝေါဒစ္စနေ၏   ၂၀၁၇ ခုနှစ် လက်မှတ်ရောင်းချမှုဝင်ငွေသည် ဒေါ်လာငါးဘီလျံကျော် ရရှိထားပြီးဖြစ်သည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ဖြန့်ချိရန်စီစဉ်ထားသည့် Star Wars: The Last Jedi ဇာတ်ကားသည် ၀င်ငွေဒေါ်လာ တစ်ဘီလျံကျော် ရရှိနိုင်ဟု ဒစ္စနေက ခန့်မှန်းထားသည်။

ပြန်လည် ဆန်းသစ်ရိုက်ကူးထားသည့်  Beauty and the Beast ဇာတ်ကားကြောင့်လည်း ဒစ္စနေသည် ယခုနှစ်တွင် ၀င်ငွေ အများအပြား ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည်  ၀င်ငွေဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၏ ၀င်ငွေအများဆုံးရ ဇာတ်ကားဖြစ်ခဲ့သည်။ မာဗယ်စတူဒီယိုက ထုတ်လုပ်သည့် Guardians of the Galaxy Vol.2 ဇာတ်ကားနှင့် Spider Man : Home coming ဇာတ်ကားများသည်လည်း ဝေါဒစ္စနေ၏ လက်မှတ်ရောင်းချမှုဝင်ငွေကို မြင့်တက်စေသည့် ဇာတ်ကားများဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ဝေါဒစ္စနေစတူဒီယို၏ ထိပ်တန်း စတူဒီယို ငါးခုဖြစ်သော ဒစ္စနေ၊  မာဗယ်စတူဒီယို၊ Walt Disney Animation Studios၊ Pixar Animation Studios နှင့် Lucas Film တို့မှ ဖြန့်ချိသည့်ဇာတ်ကားများ၏ လက်မှတ်ရောင်းချမှု ၀င်ငွေစုစုပေါင်း  ဒေါ်လာ ခုနစ်ဘီလျံအထိ ရရှိခဲ့သည်။