<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

တရုတ်သရုပ်ဆောင် လျူယီဖေးက Mulan အဖြစ် သရုပ်ဆောင်မည်

တရုတ်သရုပ်ဆောင်လျူယီဖေးသည် ယှဉ်ပြိုင်လျှောက်ထားသူ ၁,၀၀၀ ခန့်ကိုကျော်တက်ပြီး ဒစ္စနေက မကြာမီပြန်လည်ဆန်းသစ် ရိုက်ကူးမည့် Mulan ဇာတ်ကားအတွက် အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်ခံခဲ့သည်။

အားအင်ချည့်နဲ့နေသော ဖခင်ကိုယ်စား တာဝန်ထမ်းဆောင်ရန် အမျိုးသားတစ်ဦး ကဲ့သို့ရုပ်ဖျက်ပြီး စစ်ထဲဝင်ခဲ့သည့် အမျိုးသမီးငယ် ဟွာမူလန် ဇာတ်ကောင်အဖြစ် လျူယီဖေးက သရုပ်ဆောင်မည်ဟု ဒစ္စနေစတူဒီယိုက နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။

၁၉၉၈ ခုနှစ်က ဖြန့်ချိခဲ့သည့် အန်နီမေးရှင်းဇာတ်ကား Mulan သည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၃၀၄ ဒသမ ၃ သန်း ရရှိခဲ့သည်။

သရုပ်ဆောင်များနှင့် ပြန်လည်ဆန်းသစ်ရိုက်ကူးမည့် Mulan ဇာတ်ကားကို ၂၀၁၉ ခုနှစ်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။ Whale Rider ဇာတ်ကားရိုက်ကူးသည့် ဒါရိုက်တာ နီကီကာရိုက ယင်းဇာတ်ကားကို ဦးစီးရိုက်ကူးမည် ဖြစ်သည်။

ယင်းဇာတ်ကောင်အတွက် တိုက်ငါးတိုက်တွင် တစ်နှစ်ကြာ ရှာဖွေခဲ့ပြီးနောက် လျူကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Hollywood Reporter က ဖော်ပြခဲ့သည်။ ကိုယ်ခံပညာတတ်ကျွမ်းကာ သရုပ်ဆောင် အရည်အချင်းရှိပြီး အင်္ဂလိပ်စကားပြောဆိုနိုင်သည့် ငယ်ရွယ်သော တရုတ်အမျိုးသမီးတစ်ဦးကို သရုပ်ဆောင်ရွေးချယ်သည့် ဒါရိုက်တာများက ရှာဖွေခဲ့သည်ဟု Hollywood Reporter က ဖော်ပြခဲ့သည်။

အသက် ၃၀ အရွယ်ရှိ လျူသည် အဆိုပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူတစ်ဦး ဖြစ်သည်။ “Fairy Sister” ဟု ချစ်စနိုးခေါ်ဆိုခံရသည့် လျူသည် တရုတ်နိုင်ငံတွင် မော်ဒယ်၊ အဆိုတော်၊ သရုပ်ဆောင်အဖြစ် ကျော်ကြားခဲ့ရုံသာမက အမေရိကန်တွင်လည်း လူသိများခဲ့သူဖြစ်သည်။

ကလေးအရွယ်တွင် နယူးယောက်၌ နေထိုင်ခဲ့သည့် လျူသည် ၂၀၀၈ ခုနှစ်က ဖြန့်ချိခဲ့သည့် The Forbidden Kingdom ဇာတ်ကားအပါအ၀င် ဇာတ်ကားများစွာတွင် ပါဝင်ခဲ့သည်။ လျူသည် Outcast ဇာတ်ကားတွင် နီကိုးလက်စ်ကေ့ခ်ျနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။