စိတ်ပျော်ရွှင်တက်ကြွမှုများနှင့်သာ ဘဝကိုဖြတ်သန်းလိုသူ သရုပ်ဆောင်တေးသံရှင် ဝါဆိုမိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ

စိတ်ပျော်ရွှင်တက်ကြွမှုများနှင့်သာ ဘဝကိုဖြတ်သန်းလိုသူ သရုပ်ဆောင်တေးသံရှင် ဝါဆိုမိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ
Published 30 November 2017

လူမှုကွန်ရက် Social Network အသုံး ပြုမှုကျယ်ပြန့်လာတာနဲ့အမျှ အကြောင်းအရာ ကိစ္စရပ်တိုင်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ ရောက်ရှိလွယ်လာပါတယ်။ ဒီလိုတွင်ကျယ် မြန်ဆန်စွာပျံ့နှံ့လာတဲ့ လူမှုကွန်ရက် နယ်ပယ်မှာ အနုပညာရှင်တွေကလည်း အသုံးပြုသူအများစု စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေ အဖြစ်ရှိလို့နေပါတယ်။ တက်သစ်စ အနုပညာရှင်အများစုက လူမှုကွန်ရက်က တစ်ဆင့် ပရိသတ်များကြား လွယ်ကူလျင်မြန်စွာ မိတ်ဆက်နိုင်သလို အောင်မြင်ပြီးသား အနုပညာရှင်တွေကလည်း နေ့စဉ်အနုပညာ လှုပ်ရှားမှုတွေကို ပရိသတ်ဆီ အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်တာကြောင့် လူမှုကွန်ရက် Social Network က အနုပညာရှင်တွေနဲ့ ပရိသတ်ကြားမှာ ကြားခံမီဒီယာတစ်ခု အသွင်ဆောင်လာပါတယ်။ ဒီနေ့ရဲ့ ငယ်ဘဝဖြတ်သန်းမှု အစီအစဉ်မှာတော့ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားအားပေးမှု များပြားသူ လူငယ်အနုပညာရှင်တစ်ယောက်ကို ရွေးချယ်ဖော်ပြလိုပါတယ်။ သူကတော့ကလေး သရုပ်ဆောင်အဖြစ် ပရိသတ်စတင်သိစေခဲ့သလို အကယ်ဒမီဗန်းကိုင်တစ်ယောက်အဖြစ်ကနေ လက်ရှိမှာတော့ သရုပ်ဆောင်အဆို တော်တစ်ယောက်ဖြစ်လာတဲ့ ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။

ဝါဆိုမိုးဦးကို ဇူလိုင် ၂၇ ရက် ၁၉၉၄ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးမျိုးမြင့်နိုင်၊ ဒေါ်သိင်္ဂီအောင်တို့က မွေးဖွားခဲ့ကြပါတယ်။ ရန်ကုန်ဇာတိဖြစ်တဲ့ ဝါဆိုမိုးဦးမှာ မွေးချင်းညီမလေးတစ်ယောက် ရှိပါတယ်။ ငယ်စဉ် ကလေးဘဝရဲ့ အမှတ်တရဆိုရင်တော့ အရမ်းအေးအေးနေတတ်သလို စကားလည်းနည်းတတ်သူဖြစ်ပြီး ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုရတာ၊ သီချင်းတွေ နားထောင်ရတာကို ထူးထူးခြားခြား ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက အနုပညာဗီဇပါလာသူလို့လည်း ဆိုလို့ရနိုင်ပါတယ်။

ကျောင်းပညာရေးအနေနဲ့တော့ ဝါဆိုမိုးဦးက သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က (၂) လသာမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုဖြစ်ခြင်း မရှိသေးပါဘူး။ ငယ်စဉ်ကျောင်းပညာရေး စိတ်ပါဝင်စားမှုမှာတော့ သာမန်အဆင့်သာရှိခဲ့ပေမယ့် ကျက်စာတွေမှာတော့ ဂုဏ်ထူးထွက်တဲ့အထိ ထူးချွန်ခဲ့ပါတယ်လို့ ဝါဆိုမိုးဦးက ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းရောက်ရှိလာချိန်မှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်ခဲ့တာကြောင့် ကျောင်းပညာရေးကို ဆက်မလုပ်ဖြစ်တော့ဘဲ လက်ရှိအချိန်အထိ စာမေးပွဲမဖြေဖြစ်သေးတာပါလို့ ဝါဆိုမိုးဦးက ရှင်းပြခဲ့ပါတယ်။

ကျောင်းစာတွေမှာ ပုံမှန်လောက်သာ စိတ်ပါဝင်စားမှုရှိခဲ့တဲ့ ဝါဆိုမိုးဦးက အနုပညာနဲ့ပတ်သက်လို့တော့ ငယ်စဉ်ကတည်းက ထူးချွန်ခဲ့သူတစ်ဦးပါ။ အတန်းအလိုက် ကျောင်းကပွဲတိုင်းမှာမပါမဖြစ် ပါဝင်လေ့ရှိသလို အဆိုအကအားလုံးကို ဝါသနာပါသူ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ်တော့ အသက် ရှစ်နှစ်အရွယ်မှာ စတင်ပါဝင်ခဲ့သူဖြစ်ပြီး ပထမဆုံးစတင်ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားက ‘သံလွင်ရေ ဘယ်မခန်း’ ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။

“ဝါဆိုက ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေကို အရမ်းဝါသနာပါတယ်။ အဲဒီမှာအသက် ရှစ်နှစ်လောက်မှာတော့ ဝါဆိုအဒေါ်အိမ်မှာ ဇာတ်ကားလာရိုက်ကြရင်းနဲ့ ဝါဆိုကိုကလေး သရုပ်ဆောင်လုပ်မလားလို့မေးကြတော့ ဝါဆိုကလည်း လုပ်ချင်တယ်လို့ပြောပြီး ရိုက်ဖြစ်သွားတာပါ။ ပထမဆုံး ရိုက်တဲ့ကားကတော့ သံလွင်ရေ ဘယ်မခန်းဆိုတဲ့ ဇာတ်ကားပါ။ အဲဒီနောက်မှာတော့ ဇာတ်ကားတွေဆက် ရိုက်ဖြစ်တယ်။ ဒါပေမဲ့ တချို့ကားလေးတွေပဲထွက်လာပြီး တချို့ကားလေးတွေက မထွက်လာဘဲ အခုတကယ်တမ်း ဝါဆို လူကြီးသရုပ်ဆောင် တစ်ယောက်အနေနဲ့ လုပ်ဖြစ်တဲ့အခါကျမှပဲ အဲဒီကလေးသရုပ်ဆောင်ကားလေးတွေက ထွက်လာတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။ မှတ်မှတ်ရရ ပရိသတ်တွေကြိုက်ကြပြီး ဝါဆို ကိုယ်တိုင်လည်း အားရတဲ့ဇာတ်ကားလေးဆိုရင် ဦးသားကြီး(ဒွေး)နဲ့လည်း တွဲဖက် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ‘ပုဏ္ဏကတိုက်တဲ့ည’ ဇာတ်ကားလေးပါ” လို့ ကလေးသရုပ်ဆောင် ဘဝအမှတ်တရကို ရှင်းပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အနုပညာအလုပ်တွေ ခဏနားခဲ့ပြီး ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာ ပထမဆုံး ပြန်လည်လုပ်ကိုင်ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုက အကယ်ဒမီဗန်းကိုင်တစ်ယောက်အဖြစ် လျှောက်ထားပါဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီးချိန်မှာတော့ ပရိသတ်တွေက ဝါဆိုမိုးဦးကို ပိုမိုလက်ခံအားပေးလာခဲ့ကြပါတယ်။ အဲဒီ နောက်မှာတော့  ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးခွင့်ရခဲ့ပါတယ်လို့ ဝါဆိုမိုးဦးက ဆိုပါတယ်။ လက်ရှိအချိန်အထိ ဝါဆိုမိုးဦးက ဇာတ်ကား ၂၀၀ ဝန်းကျင်လောက်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပါပြီလို့လည်း ဆိုပါသေးတယ်။

သရုပ်ဆောင်ဘက်တင်မကဘဲ ဂီတဘက်ကိုပါ ဝါသနာပါသူ ဝါဆိုမိုးဦးက ဂီတလုပ်ငန်းတွေကိုတော့ ဆီးဂိမ်းအားကစားပြိုင်ပွဲ  အတွက်ပြုလုပ်တဲ့ အနုပညာဖျော်ဖြေပွဲကနေ စတင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ တင်ဆက်တဲ့ ပြဇာတ်အစီအစဉ်မှာ ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်စ်ပုံစံတူအဖြစ် သရုပ်ဆောင်စေခဲ့တဲ့အတွက် သီချင်းဆိုရင်းနဲ့ ပါဖောမန့်စ် လုပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတင်ဆက်မှုကနေပဲ ဝါဆိုမိုးဦးရဲ့ ပါဖောမန့်စ်တင်ဆက်မှုနဲ့  ဂီတစွမ်းရည်ကို ပရိသတ်တွေ သတိထားမိစေခဲ့ပါတယ်။ ဒါ့အပြင် ပထမဆုံး တစ်ကိုယ်တော်စီးရီးကို အမ်တီဗီနဲ့ပါတွဲဖက် ထွက်ရှိခဲ့ရာမှာလည်း ပရိသတ် စိတ်ဝင်စား အားပေးမှု များပြားခဲ့ပါတယ်။

တက်ကြွပျော်ရွှင်မှု တွေနဲ့အမြဲရွှင်လန်းနေတတ် သူဝါဆိုမိုးဦးက Gym ကို ပုံမှန်သွားပြီး လေ့ကျင့်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ဖြစ်သလို သီချင်းဆိုရင် အမောလုံဖို့အတွက် ရည်ရွယ်ပြီးတော့ ကစားဖြစ်တာပါလို့ ဝါဆိုမိုးဦးက ဆိုခဲ့ပါတယ်။ စိတ်ညစ်စရာတွေ ဘယ်တော့မှ မရှိသူတစ်ယောက်လို အမြဲရွှင်လန်း တက်ကြွနေတတ်တဲ့ ဝါဆိုမိုးဦးရဲ့ ဘဝရဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေအတွက် ခံယူချက်တွေကတော့ “ဘယ်အရာမဆို ကိုယ့်ကိုယ် အကောင်းပြောတာရှိသလို မကောင်းပြောတာလည်း ရှိတယ်။ တမင်တကာ တိုက်ခိုက်တာ မျိုးလည်းကြုံရဖူးတယ်။ ဒါပေမဲ့ ဒီဘက်နားကဝင်ဟို ဘက်နားကထွက်လိုက်တာပါပဲ။ အဓိကတော့ မိဘတွေရဲ့နောက်က အမြဲတမ်း အားပေးမှုကြောင့်လည်း ပါမယ်ထင်တယ်။ ဘယ်ကိစ္စမဆို ရန်ကိုရန်ချင်းမတုံ့နှင်းတာပဲ ကောင်းတယ်လို့လည်း ခံယူထားတယ်” လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။

 

Most Read

Most Recent