ဒုတိယကမ္ဘာစစ်ကာလ သမိုင်းဖြစ်ရပ်မှန် DUNKIRK ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံတင်ပြသ

ဒုတိယကမ္ဘာစစ်ကာလ သမိုင်းဖြစ်ရပ်မှန် DUNKIRK ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံတင်ပြသ
Published 4 August 2017

ဒုတိယကမ္ဘာစစ်ကာလ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်သည့် DUNKIRK ရုပ် ရှင်ဇာတ်ကားကို သြဂုတ် ၄ ရက်မှစတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသလျက်ရှိသည်။

DUNKIRK ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဇူလိုင် ၂၁ ရက်တွင် စတင်ပြသခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ စတင်ပြသခဲ့သည့် ရက်သတ္တပတ်မှာပင် လက်မှတ်ရောင်းချရမှုမှ ဒေါ်လာ သန်း ၅၀ ကျော်ရရှိခဲ့သည်။ ယင်းဇာတ်ကားသည် ဇူလိုင် ၃၁ ရက်အထိ လက်မှတ်ရောင်းချရမှုမှ ဒေါ်လာ ၁၀၄ သန်းကျော် ရရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေသည့် အချိန်ကာလအစောပိုင်း၌ ဂျာမန်တပ်များသည် ဥရောပတစ်ခွင်ကို သိမ်းပိုက်နိုင်ရန်အတွက် အသည်းအသန်ကြိုးစားလျက်ရှိသည်။ ဥရောပ၌ ပြင်သစ်နိုင်ငံကို သိမ်းပိုက်နိုင်ရန် ဂျာမန်တို့ ကြိုးစားသည့်အချိန်တွင် ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနှင့် ဒိန်းမတ်နိုင်ငံတို့မှတပ်များ ပူးပေါင်းပါဝင်သည့် မဟာမိတ်တပ်ဖွဲ့သည် စစ်ရှုံးလျက်ရှိပြီး ဆုတ်ခွာရင်းက တဖြည်းဖြည်းနှင့် ပြင်သစ်ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် DUNKIRK မြို့၏ ပင်လယ်ဝထွက်ပေါက်၌ တပ်များအားလုံး ပိတ်မိနေခဲ့ကြသည်။

အဆိုပါ DUNKIRK မြို့၌ ပိတ်မိနေသည့် မဟာမိတ်တပ်များကို ဂျာမန်တို့၏ အပြီးသတ်ချေမှုန်းတိုက်ခိုက်မှုများ မလုပ်မီ တပ်များအားလုံးကို စနစ်တကျနှင့် အချိန်မီကယ်ထုတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရတော့သည်။ ယင်းကဲ့သို့ ကယ်ထုတ်ရန်စီစဉ်သည့် ၁၉၄၀ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၄ ရက်အတွင်း အဖြစ်အပျက်များကို အခြေတည်ကာ စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် ဖြစ်ရပ်မှန် သမိုင်းအခြေပြုစစ်ကားတစ်ကား ဖြစ်သည်။

DUNKIRK ဇာတ်ကားကို ဒါရိုက်တာ Christopher Nolan ရိုက်ကူးပြီး Fionn Whitehead,Damien Bonnard ,Aneurin Barnard, James Bloor , Barry Keoghan တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၂၊Mingalar Cineplex  ၊ Junction City & St.John JCGV မင်္ဂလာစံပြ၊ ရှေ့ဆောင် ၂ ရုပ်ရှင်ရုံများနှင့် မန္တလေးမြို့ရှိ Mingalar Diamond Cineplex ရုပ်ရှင်ရုံများ၌ သြဂုတ် ၄ ရက်မှစတင်ကာရုံတင် ပြသထားသည်။

စုမှူးနိုင်

Most Read

Most Recent