ခေါင်းဖြတ်သတ်မည်ဟု ခြိမ်းခြောက်သော အိန္ဒိယနိုင်ငံရေးသမားကို ဘောလိဝုဒ်သရုပ်ဆောင် ဒီးပီကာပါဒူကွန်က ပြန်လည်တုံ့ပြန်

ခေါင်းဖြတ်သတ်မည်ဟု ခြိမ်းခြောက်သော အိန္ဒိယနိုင်ငံရေးသမားကို ဘောလိဝုဒ်သရုပ်ဆောင် ဒီးပီကာပါဒူကွန်က ပြန်လည်တုံ့ပြန်
Published 24 November 2017

ဘောလိဝုဒ်ဇာတ်ကားသစ်တွင် ပါဝင်သည့် ဇာတ်ကောင်နှင့် ပတ်သက်ပြီး ၎င်းကို ခေါင်းဖြတ်သတ်မည်ဆိုသော အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ဒေါသထွက်ပြီး စိတ်ပျက်ခဲ့ရသော်လည်း ထိတ်လန့်နေမည်မဟုတ်ဟု ဘောလိဝုဒ်သရုပ်ဆောင် ဒီးပီကာပါဒူကွန်က ပြန်လည်တုံ့ပြန်ခဲ့သည်။ အာဏာရပါတီ BJP မှ နိုင်ငံရေးသမားတစ်ဦးက ဒီးပီကာပါဒူကွန်နှင့် ဒါရိုက်တာ ဆန်ဂျေးလီလာဘန်ဆာလီတို့ကို ခေါင်းဖြတ်သတ်မည့်သူအား ဆုငွေ ဒေါ်လာ ၁ ဒသမ ၅ သန်းပေးမည်ဟု ကမ်းလှမ်းခဲ့ပြီးနောက် ဒီးပီကာပါဒူကွန် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် Padmavati ဇာတ်ကားဖြန့်ချိမှုကို ရွှေ့ဆိုင်းခဲ့သည်။

“အခုအခြေအနေမှာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးတစ်ယောက်၊ အနုပညာရှင်တစ်ယောက်နဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်မဒေါသဖြစ်ပြီး စိတ်ပျက်ရပါတယ်။ ကျွန်မဘယ်တော့မှ ကြောက်ရွံ့ထိတ်လန့်မှာ မဟုတ်ပါဘူး။ ကြောက်ရွံ့မှုဆိုတာ ကျွန်မနဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုတစ်ခု မဟုတ်ပါဘူး” ဟု ပါဒူကွန်က Mumbia Mirror သို့ ပြောကြားခဲ့သည်။

ပါဒူကွန်သည် ယင်းသို့ ခြိမ်းခြောက်ခံရပြီးနောက် ဟိုက်ဒရာဘတ်မြို့တွင်ပြုလုပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏သမီးနှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒါရာမိုဒီတို့ တက်ရောက်မည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစွမ်းဆောင်ရှင်များ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန် စီစဉ်ထားမှုကို  ဖျက်သိမ်းခဲ့သည်။ ယင်းသို့ဖျက်သိမ်းရသည့် အကြောင်းရင်းကို မေးမြန်းမှုအား ပါဒူကွန်က ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

Padmavati ဇာတ်ကားကို ဟိန္ဒူအဖွဲ့များက ကန့်ကွက်ဆန္ဒပြခဲ့စဉ် မြောက်ပိုင်းဟာယာနာ ပြည်နယ်၏ BJP ပါတီ မီဒီယာညှိနှိုင်းဆောင်ရွက်မှု အရာရှိချုပ် Suraj Pal Amu က “ပါဒူကွန်နဲ့ ဆန်ဂျေးလီလာဘန်ဆာလီကို ခေါင်းဖြတ်သတ်မယ့်သူကို ဆုငွေဒေါ်လာ ၁ ဒသမ ၅ သန်း ချီးမြှင့်မယ့်အပြင် မိသားစုအတွက် လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးမယ်” ဟု နိုဝင်ဘာ ၁၉ ရက်တွင် ANI သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

၁၄ ရာစုကို နောက်ခံထားရိုက်ကူးထားသည့် Padmavati ဇာတ်ကားသည် မိဖုရား Padmini အကြောင်း ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ဘုရင်မနှင့် မွတ်စလင် ကျူးကျော်ဝင်ရောက်သူတစ်ဦးအကြား အချစ်ဇာတ်ဝင်ခန်းတစ်ခန်းကို ပြသခြင်းသည် သမိုင်းကို မှားယွင်းတင်ပြခြင်းဖြစ်သည်ဟု လက်ယာယိမ်းအဖွဲ့များက ဝေဖန်ခဲ့သည်။ အကဇာတ်ဝင်ခန်းတစ်ခုတွင် မိဖုရား၏ ဝမ်းဗိုက်ကို ပြသထားမှုကိုလည်း ၎င်းတို့က ဝေဖန်ခဲ့ကြသည်။

Most Read

Most Recent