7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ‘မဟူရာရုပ်ရှင်ရုံ’ ဇာတ်ကားကြီးတွင် အိန္ဒိယနိုင်ငံမှ သရုပ်ဆောင်နှင့် မော်ဒယ်ရီယာရေး (Riya Ray) ပါဝင်သရုပ်ဆောင်မည်

7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ‘မဟူရာရုပ်ရှင်ရုံ’ ဇာတ်ကားကြီးတွင် အိန္ဒိယနိုင်ငံမှ သရုပ်ဆောင်နှင့် မော်ဒယ်ရီယာရေး (Riya Ray) ပါဝင်သရုပ်ဆောင်မည်
Published 24 November 2017

7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးမည့် ‘မဟူရာရုပ်ရှင်ရုံ’  ဟုအမည်ပေးထားသည့် ဇာတ်ကားကြီးတွင် အိန္ဒိယနိုင်ငံမှ သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်သည့် ရီယာရေး (Riya Ray) လည်း ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။

“အစ်ကိုတို့ 7 Sense ရုပ်ရှင်ထုတ်လုပ် ရေးအနေနဲ့  ဇာတ်လမ်းကောင်းတွေရိုက်ကူးနိုင်ဖို့ ကိုနေတိုးနဲ့အတူ ဇာတ်လမ်းတွရွေးကြတယ်။ အဲဒီထဲကမှ လူငယ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ပြည့်ဇော်ဖြိုးရဲ့ ‘မဟူရာရုပ်ရှင်ရုံ’ ဆိုတဲ့ ဇာတ်ကားဇာတ်လမ်းကို စပြီးဖတ်ရကတည်းက  စိတ်ဝင်စားမှုရှိခဲ့တယ်။ အဲဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်မှာ အိန္ဒိယအမျိုးသမီး ဖြစ်နေတဲ့အတွက် အဲဒီဇာတ်ဆောင်နေရာအတွက် အစ်ကိုတို့တွေ သေချာစဉ်းစားရတယ်။ အခုတော့ ရီယာရေးကို ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ဖို့ စီစဉ်နိုင်ခဲ့ပါပြီ။ ရီယာရေးက အင်တာနေရှင် နယ်မော်ဒယ်တစ်ဦးအဖြစ် အောင်မြင်နေသလို သရုပ်ဆောင်မှုပိုင်းမှာလည်း လှုပ်ရှားမှုတွေရှိနေသူ တစ်ဦးဖြစ်သလို ဒီဇာတ်လမ်းနဲ့လည်း လိုက်ဖက်မယ်ထင်တဲ့အတွက် ရွေးချယ်ခဲ့တာပါ” ဟု 7 Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။

ရီယာရေးသည် International Supermodel တစ်ဦးဖြစ်ပြီး ကြော်ငြာများရိုက်ကူးနေသည့် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် နေထိုင်ခဲ့သူ ရီယာရေးသည် ဗြိတိန်ဒါရိုက်တာ Tony Kaye ရိုက်ကူးခဲ့သည့် ရုပ်သံအစီအစဉ် တစ်ခုတွင်လည်း ပါဝင်ခဲ့သူဖြစ်ပြီး American Music Video အများဆုံးရိုက်ကူးထားရသူ အိန္ဒိယမော်ဒယ်များတွင်လည်း တစ်ဦးအပါ အဝင်ဖြစ်ကြောင်း သိရသည်။

ရီယာရေးသည် နိုင်ငံအများအပြားတွင် ပြသအောင်မြင်ခဲ့သည့် အိန္ဒိယအက်ရှင်ဇာတ်ကား Doom 3 တွင်လည်း ချီကာဂိုမှ သတင်းထောက်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာကျော် ကုန်ပစ္စည်းကြော်ငြာများနှင့် နိုင်ငံတကာ ရုပ်သံလိုင်းများ၏ ရုပ်သံအစီအစဉ်များတွင် ပါဝင်နေသည့် အနုပညာရှင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးမည့် ‘မဟူရာရုပ်ရှင်ရုံ’ ဇာတ်ကားကို ဒါရိုက်တာပြည့်ဇော်ဖြိုးက ရိုက်ကူးမည်ဖြစ်ကာ နေတိုးနှင့် ရီယာရေးတို့ အဓိကပါဝင် သရုပ်ဆောင်မည်ဟု သိရသည်။ ယင်းဇာတ်ကားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရိုက်ကူးသွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

Most Read

Most Recent