နိုင်ငံတကာရေဆေးပန်းချီအဖွဲ့ (IWS) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် IWS India မှပေးအပ်သည့် ပန်းချီဆုတွင် မြန်မာပန်းချီဆရာ မြင့်နိုင်၏ ရေဆေးပန်းချီကား ပထမဆုရရှိ

နိုင်ငံတကာရေဆေးပန်းချီအဖွဲ့ (IWS) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် IWS India မှပေးအပ်သည့် ပန်းချီဆုတွင် မြန်မာပန်းချီဆရာ မြင့်နိုင်၏ ရေဆေးပန်းချီကား ပထမဆုရရှိ
Published 23 November 2017

ပန်းချီမြင့်နိုင်၏ ဆုရရေဆေးပန်းချီကားအား တွေ့ရစဉ်

နိုင်ငံတကာရေဆေးပန်းချီအဖွဲ့ (IWS) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် IWS India မှ ပေးအပ်သည့် ပန်းချီဆုတွင် မြန်မာပန်းချီဆရာ မြင့်နိုင်၏ ရေဆေးပန်းချီကားမှာ ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

“ဒီပွဲက အိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် IWS India ရဲ့ ဒုတိယအကြိမ်နှစ်ပတ်လည် ပွဲဖြစ်ပါတယ်။ အဲဒီပွဲအတွက် IWS အဖွဲ့ဝင် နိုင်ငံတွေကို ပြပွဲမှာပါဝင်ဖို့ ပန်းချီကားတွေ တောင်းတာနဲ့ ဒီကားကို ထည့်ပေးလိုက်တာပါ။ ဒီပန်းချီကားကတော့ ဆာကူရာတာဝါအပေါ်ကနေ ရန်ကုန်မြို့လယ်မြင်ကွင်းကို ရေးဆွဲထားတဲ့ ပန်းချီကားဖြစ်ပါတယ်။ သူတို့ဆီ ပေးပို့လာတဲ့ နိုင်ငံတကာကပန်းချီကားတွေထဲက ပထမဆု၊ ဒုတိယဆု၊ တတိယဆု ဆိုပြီး ပန်းချီကား သုံးကား ဆုပေးတယ်လို့သိရပါတယ်။ IWS India က ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ကမ္ဘောဒီးယားရဲ့မြင်ကွင်းကို ရေးထားတဲ့ ပန်းချီကားတစ်ကားကိုလည်း ဆုပေးအပ်ခဲ့ဖူးပါတယ်” ဟု ပန်းချီမြင့်နိုင်က ပြောပြခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့် အဆိုပါ ပန်းချီပြပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ နိုင်ငံပေါင်း ၆၅ နိုင်ငံ မှ အနုပညာလက်ရာပေါင်း ၄၅၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲအတွက် ပေးပို့လာသည့် အနုပညာလက်ရာပန်းချီကားပေါင်း ၄၅၀ အနက်မှ မြန်မာနိုင်ငံမှ ပန်းချီမြင့်နိုင်၏ ပန်းချီကားက ပထမ၊ ထိုင်ဝမ်မှ ဒုတိယနှင့် အိန္ဒိယမှ တတိယဆုတို့ ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပန်းချီမြင့်နိုင်သည် နိုင်ငံတကာမှပေးအပ်ချီးမြှင့်သည့် ရေဆေးပန်းချီလက်ရာ ဆုအချို့ကိုရရှိခဲ့ဖူးပြီး IWS Mexico မှ ပေးအပ်ချီးမြှင့်သည့် ပထမဆုကို Siem Riep Night အမည်ရပန်းချီကားဖြင့်လည်းကောင်း၊ အယ်လ်ဘေးနီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ရေဆေးပန်းချီပြပွဲတွင် Coffee Shop in Siem Riep ပန်းချီကားဖြင့် လက်ရာ အကောင်းဆုံးပန်းချီကား ဆယ်ကား စာရင်းတွင် ပါဝင်ခဲ့ကာ အိန္ဒိယနိုင်ငံရှိ  IWS India မှရွေးချယ်ပေးအပ်သည့် ဆုကို ယင်းပန်းချီကားဖြင့်ပင် ရရှိခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent