နာတလီပို့မန်း အစ္စရေး၏ ဂျူးနိုဘယ်ဆု ချီးမြှင့်ခံရ

နာတလီပို့မန်း အစ္စရေး၏ ဂျူးနိုဘယ်ဆု ချီးမြှင့်ခံရ
Published 9 November 2017

လူမှုရေးလုပ်ငန်းများတွင် နှစ်မြှုပ်ထားမှု၊ ဂျူးနှင့် အစ္စရေးမျိုးရိုးဇာစ်မြစ်များနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်မှုများကို အသိအမှတ်ပြုသည့် အနေဖြင့် သရုပ်ဆောင် နာတလီပို့မန်းကို အစ္စရေး၏ ၂၀၁၈ Genesis ဆု ချီးမြှင့်ကြောင်း ယင်းဆုစီစဉ်သူများက နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒေါ်လာတစ်သန်း ချီးမြှင့်သော ဂျူးနိုဘယ်ဆုဟု ခေါ်ဆိုသည့် ယင်းဆုကို အတတ်ပညာဆိုင်ရာ အောင်မြင်မှုနှင့် ဂျူးစံနှုန်းများကို မြှုပ်နှံထားခြင်းဖြင့် နောင်လာမည့်ဂျူးမျိုးဆက်အတွက် အတုယူအားကျဖွယ်တစ်ခုအဖြစ် လက်ခံထားသော ပုဂ္ဂိုလ်တစ်ဦးကို နှစ်စဉ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ကျွန်မရဲ့ အစ္စရေးဇစ်မြစ်နဲ့ ဂျူးအမွေအနှစ်အတွက် ဂုဏ်ယူမိပါတယ်။ ဒါတွေဟာ ကျွန်မဘယ်သူလဲဆိုတာရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေပါ” ဟု အော်စကာဆုရ သရုပ်ဆောင် နာတလီပို့မန်းက ပြောကြားသည်။

ဆုငွေများကို အစ္စရေးနှင့် အခြားနိုင်ငံများရှိ အမျိုးသမီးများ၏ ဘဝများတိုးတက်စေရေးအတွက် အသုံးပြုသွားမည်ဟု အသက် ၃၆ နှစ်အရွယ်ရှိ ပို့မန်းက ပြောကြားခဲ့သည်။ အစ္စရေးတွင် မွေးဖွားခဲ့ပြီး ကလေးအရွယ်တွင် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့သည့် ပို့မန်းသည် ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီးနောက် ထိပ်တန်းသရုပ်ဆောင်စာရင်းဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ပို့မန်းသည် ၂၀၁၁ ခုနှစ် အော်စကာဆုပေးပွဲတွင် Black Swan ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့သည်။

၎င်းသည် ၂၀၁၅ ခုနှစ်တွင် အစ္စရေးစာရေးဆရာ Amos Oz ၏ အတ္ထုပ္ပတ္တိကို အခြေပြုထားသည့် ဟီဘရူးဘာသာစကားပြောဇာတ်ကား Tale of Love and Darkness ကို ကိုယ်တိုင်ရိုက်ကူး သရုပ်ဆောင်ခဲ့သည်။ ကျား၊ မ တန်းတူညီမျှရရှိရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အသေးစား ချေးငွေလုပ်ငန်းနှင့် တိရစ္ဆာန်အခွင့်အရေး အစရှိသည့် နယ်ပယ်များတွင် ပို့မန်း၏ လူမှုရေးတက်ကြွ လှုပ်ရှားမှုကိုလည်း Genesis ဆုက အသိအမှတ်ပြုခဲ့သည်။

ပို့မန်းသည် ကမ္ဘာတစ်ဝန်းရှိ ဂျူးလူငယ်သန်းပေါင်းများစွာအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဟု Genesis ဆုချီးမြှင့်သည့် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌနှင့် ပူးတွဲတည်ထောင်သူ Stan Polovets က ပြောကြားခဲ့သည်။ ပို့မန်း၏ဆုငွေများကို အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေး၊ ပညာရေး မြှင့်တင်ပေးရေး၊ စီးပွားရေး တိုးမြှင့်ပေးရေး၊ ကျန်းမာရေးနှင့် နိုင်ငံရေးဆိုင်ရာ ပါဝင်မှုများအတွက် အသုံးပြုသွားမည်ဟု ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လာမည့်ဇွန်တွင် ဂျေရုဆလင်၌ ပို့မန်းအား ယင်းဆုချီးမြှင့်မည်ဖြစ်သည်။ ပို့မန်းသည် ယင်းဆုချီးမြှင့်ခံခဲ့ရသည့် ပဉ္စမမြောက် ပုဂ္ဂိုလ်နှင့် ပထမဆုံးအမျိုးသမီးဖြစ်သည်။ နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့ဂ်၊ သရုပ်ဆောင်မိုက်ကယ်ဒေါက်ကလပ်စ်၊ တယောပညာရှင် Itzhak Perlman နှင့် ပန်းပုပညာရှင် Anish Kapoor တို့သည်လည်း ယင်းဆုချီးမြှင့်ခံခဲ့ရဖူးသည်။

Most Read

Most Recent