ရုပ်သံဇာတ်လမ်းတွဲ ပရိသတ်များ အားပေးချစ်ခင်မှု အများအပြား ရရှိထားသူ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ၏ ငယ်ဘဝဖြတ်သန်းရာ

ရုပ်သံဇာတ်လမ်းတွဲ ပရိသတ်များ အားပေးချစ်ခင်မှု အများအပြား ရရှိထားသူ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ၏ ငယ်ဘဝဖြတ်သန်းရာ
Published 9 November 2017

ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်းစတဲ့ နိုင်ငံတွေရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို လက်မလွှတ်တမ်း အားပေးကြတဲ့ မြန်မာပရိသတ်တွေက အခုနှစ်ပိုင်းမှာတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း စိတ်ဝင်စားအားပေးမှု မြင့်တက်လာပါတယ်။ ဒီလို အရှိန်ရစပြုလာတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသလို ပရိသတ်ချစ်ခင်အားပေးမှု အများအပြား ရရှိထားသူတစ်ဦးက လူငယ်သရုပ်ဆောင် ဆောင်းဝတ်ရည်မေ ဖြစ်ပါတယ်။ ချိုသာတဲ့ အပြုံးပိုင်ရှင်လေးတစ်ယောက်ဖြစ်ပြီး သွက်လက်တဲ့ သရုပ်ဆောင်ဟန်နဲ့ ပရိသတ်ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားသူပါ။ လတ်တလောမှာတော့ ‘မာန်’ ရုပ်သံဇာတ်လမ်းတွဲ၊ ‘အမုန်းမှသည်’ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု ပိုမိုရရှိလာသူလည်း ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ သရုပ်ဆောင်ဆောင်းဝတ်ရည်မေရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်တွေကို တင်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ရန်ကုန်ဇာတိဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အစ်မနှစ်ယောက်ရှိကာ အငယ်ဆုံးသမီးဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ဘဝရဲ့အမှတ်တရနဲ့ ပတ်သက်လို့ကတော့ အိမ်နာမည်ပေးထားတာနဲ့ ပတ်သက်လို့ အမှတ်တရရှိတယ်လို့ ဆိုပါတယ်။

“ငယ်ငယ်က အမှတ်တရဆိုရင် အိမ်နာမည်က အမှတ်တရပါ။ ညီမမွေးတဲ့အချိန်မှာ နာမည်ဘယ်လိုပေးမလဲလို့ ဖေဖေ့ကိုမေးကြတော့ ဖေဖေက နာမည်မစဉ်းစားရသေးဘူး။ ဖြစ်ချင်တော့ ညီမမွေးတဲ့နှစ်က ရုပ်ရှင်စိန်ရတုပွဲကျင်းပနေတဲ့ အချိန်ဆိုတော့ ညီမကို အိမ်နာမည်စိန်ရတု ဆိုပြီးပေးလိုက်တယ်။ အဲဒီကနေမှ ရတုလို့လည်း ခေါ်ကြတယ်။ နောက်တော့ တုတုလို့ ခေါ်ကြတယ်ပေါ့။ အဲဒါလေးက အမှတ်တရပါပဲ” လို့ ဆောင်းဝတ်ရည်မေက ဆိုတယ်။

ဆောင်းဝတ်ရည်မေက ကျောင်းပညာရေးအနေနဲ့ အ.မ.က (၁၉) ဗဟန်းမှာ သူငယ်တန်း တက်ရောက်ခဲ့ပြီး ပထမတန်းနဲ့ ဒုတိယတန်းကိုတော့ အ.လ.က (၄) ကြည့်မြင်တိုင်မှာ ဆက်တက်ဖြစ်ခဲ့သလို အ.လ.က (၃) ဗဟန်းမှာတော့ တတိယတန်းကနေ သတ္တမတန်းထိ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ အ.ထ.က (၂) ဗဟန်းကျောင်းမှာ ဆယ်တန်း အောင်မြင်ချိန်ထိ တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာ အနောက်တိုင်းနည်းပညာတက္ကသိုလ်မှာ electronic communication ဘာသာနဲ့ တက်ရောက်ဖြစ်ခဲ့ပြီး အနုပညာလောကထဲ စတင်ရောက်ရှိလာခဲ့တာကြောင့် AGTI အနေနဲ့ပဲ ကျောင်းထွက်ဖြစ်ခဲ့သလို အဝေးသင်တက္ကသိုလ်ကို ဆက်တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ငယ်စဉ်ကလေးဘဝမှာတော့ အနုပညာကို အရမ်းကြီးဝါသနာမပါခဲ့သလို ကျောင်းကပွဲတွေ အပါအဝင် အနုပညာလှုပ်ရှားမှုတွေမှာလည်း ပါဝင်ဖူးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှသာ အနုပညာအလုပ်တွေကို စတင် စိတ်ပါဝင်စားလာခဲ့သလို ပထမဆုံး အနုပညာလှုပ်ရှားမှု အနေနဲ့ Miss လပြည့်ဝန်းပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ ဆောင်းဝတ်ရည်မေက 1 Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ MRTV Talent လျှောက်လွှာတွေ ခေါ်ယူရာမှာ ပါဝင်လျှောက်ထားဖြစ်ခဲ့ပြီး ရွေးချယ်ခေါ်ယူခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပထမဆုံး ဇာတ်လမ်းတွဲအနေနဲ့ Sign of Love Season 2 မှာ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

“ညီမက သင်တန်းတွေဘာတွေလည်း မတက်ဖူးသလို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ နားမလည်ဘဲ Sign of Love Season 2 မှာ ပါဝင်ခွင့်ရခဲ့တဲ့အခါ တော်တော်လေးလည်း စိတ်လှုပ်ရှားတယ်။ တတ်နိုင်သလောက် ကြိုးစားခဲ့တယ်။ Season 2 ရော၊ 3 မှာပါ ဆက်တိုက်ပါဝင်ခွင့်ရခဲ့တယ်ပေါ့နော်။ အဲဒီနောက်မှာတော့ သရုပ်ဆောင်တာကို ခဏနားလိုက်ပြီးတော့မှ ဝိညာဉ်ရှိုက်သံဆိုတဲ့ ဇာတ်လမ်းတွဲမှာ ကြယ်စင်ချိုဆိုတဲ့ဇာတ်ရုပ်အနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီဇာတ်လမ်းတွဲလေးကို ပရိသတ်တွေက သဘောကျသလို ညီမကိုလည်း အရင်ထက်ပိုပြီး အားပေးလာကြတယ်။ အဲဒီကနေမှ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးခွင့်ရလာပါတယ်” လို့ ဆိုပါတယ်။

ဆောင်းဝတ်ရည်မေ ပါဝင်ထားတဲ့ ‘မာန်’ ရုပ်သံဇာတ်လမ်းတွဲက ပရိသတ်အားပေးမှု များပြားခဲ့သလို လက်ရှိထုတ်လွှင့်ပြသနေတဲ့ ‘အမုန်းမှသည်’ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အားပေးမှု များပြားနေတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီလိုပရိသတ် အားပေးမှုရရှိလာတာကိုတော့ ဆောင်းဝတ်ရည်မေက “အဓိကတော့ ဇာတ်လမ်းကောင်းလို့ ထင်ပါတယ်။ ဇာတ်လမ်းတွေက ဆွဲဆောင်မှုရှိတဲ့အခါကျတော့ စောင့်ကြည့်အားပေးရင်းနဲ့ ဇာတ်ကားထဲက ညီမတို့ကိုလည်း သတိပြု အားပေးလာတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် အခုလို အသိအမှတ်ပြုမှုလေးရလာတော့ ညီမတို့အတွက် ကြိုးစားရကျိုးနပ်ပါတယ်။ ဆက်ပြီးလည်း ကြိုးစားသွားဖို့ ခွန်အားတွေရတယ်။ နောက်ထပ်ဇာတ်လမ်းကောင်းတွေ အများကြီးမှာလည်း ဆက်လက် ကြိုးစားသွားမှာပါ” လို့ ဆိုခဲ့ပါတယ်။

ဆောင်းဝတ်ရည်မေက လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ MRTV-4 က တင်ဆက်တဲ့ ရုပ်သံအစီအစဉ်တွေမှာ ပါဝင်တင်ဆက်ဖြစ်နေသလို ဒီဇင်ဘာလအတွင်းမှာတော့ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာပါ။ ဒါ့အပြင် ဇန်နဝါရီလအတွင်းမှာတော့ ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့ ရုပ်ရှင်ကားကြီးတွေမှာ အခွင့်အရေးရမယ်ဆိုရင်လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း ဖြည့်စွက်ပြောပြခဲ့ပါတယ်။

“ညီမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ခွင့်ရသလို ပရိသတ်အားပေးချစ်ခင်မှုလည်း ရရှိတဲ့အတွက် ညီမအရမ်းပျော်ပါတယ်။ အသစ်တစ်ယောက်အနေနဲ့ ညီမမှာသင်ယူလေ့လာစရာတွေ အများကြီးပါ။ တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့ စီနီယာတွေဆီကရော၊ တခြားသော အနုပညာရှင်တွေဆီကပါ အမြဲတမ်း လေ့လာသင်ယူပါတယ်။ ဇာတ်ကားတစ်ကားပြီးတိုင်းမှာလည်း အားရကျေနပ်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ အများကြီးပါပဲ။ အဲဒါတွေ အားလုံးကို ပြင်ဆင်သွားမှာပါ” လို့ ဆောင်းဝတ်ရည်မေက ဆိုခဲ့ပါတယ်။ အခုတစ်ပတ် ဖတ်ရှုခဲ့ကြရတာကတော့ ‘အမုန်းမှသည်’ နဲ့ ‘မာန်’ ရုပ်သံဇာတ်လမ်းတွဲတွေက တစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ဆောင်းဝတ်ရည်မေရဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ပုံရိပ်တွေပါ။

Most Read

Most Recent