ဖျော်ဖြေပွဲခရီးစဉ် ဖျက်သိမ်းမှုနှင့်ပတ်သက်ပြီး ကာနေးဝက်စ်က ဒေါ်လာ ၁၀ သန်း ရလိုမှုဖြင့် အာမခံကုမ္ပဏီကို တရားစွဲ

ဖျော်ဖြေပွဲခရီးစဉ် ဖျက်သိမ်းမှုနှင့်ပတ်သက်ပြီး ကာနေးဝက်စ်က ဒေါ်လာ ၁၀ သန်း ရလိုမှုဖြင့် အာမခံကုမ္ပဏီကို တရားစွဲ
Published 3 August 2017

Saint Pablo Tour ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းမှုအတွက် အာမခံကုမ္ပဏီက ဒေါ်လာ ၁၀ သန်းပေးရန် ပျက်ကွက်ခဲ့သည်ဟု ရက်ပ်အဆိုတော်ကာနေးဝက်စ်က ပြောကြားခဲ့ပြီး အာမခံကုမ္ပဏီ Lloyd's ကို သြဂုတ် ၁ ရက်တွင် လော့စ်အိန်ဂျလိစ်ဖက်ဒရယ် တရားရုံး၌ အမှုဖွင့်ခဲ့သည်။

အသက် ၄၀ အရွယ်ရှိ ဝက်စ်နှင့် ၎င်း၏ ကုမ္ပဏီ Very Good Touring Inc က ယခု အချိန်ထိ ငွေမရရှိသေးကြောင်းနှင့် အာမခံကုမ္ပဏီသည် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေကြောင်း ပြောကြားခဲ့သည်။

လန်ဒန်ရှိ အာမခံကုမ္ပဏီ Lloyd's သည် စာချုပ်ချိုးဖောက်ခဲ့သည်ဟု Very Good Touring ကုမ္ပဏီက စွပ်စွဲခဲ့ပြီး ဖျော်ဖြေပွဲ ဖျက်သိမ်းမှုအတွက် ထိခိုက်နစ်နာမှုနှင့် ရှေ့နေကြေးများအတွက် ဒေါ်လာ ၉ ဒသမ ၈ သန်း တောင်းဆိုခဲ့သည်ဟု အမှုတွဲတွင် ဖော်ပြခဲ့သည်။

ဝက်စ်၏ဆေးခြောက်သုံးစွဲမှုက အာမခံကြေးအတွက် ငြင်းဆိုရန် အခြေခံ အကြောင်းအရင်းတစ်ခုဖြစ်နိုင်သည်ဟု Lloyd's က သွယ်ဝိုက်ပြောကြားခဲ့သည်ဟု Very Good Touring က ထုတ်ပြန်ခဲ့သည်။

ကာနေးဝက်စ်သည် Saint Pablo Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် ကျန်ရှိသည့် ဖျော်ဖြေပွဲ ၂၁ ပွဲကို ပြီးခဲ့သည့်နှစ်က ဖျက်သိမ်းခဲ့သည်။

ဝက်စ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ကယ်လီဖိုးနီးယား၌ ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ၌ ‘ရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြောင်းနှင့် မဲပေးဖြစ်ပါက စီးပွားရေးလုပ်ငန်းရှင် ဒေါ်နယ်ထရန့်၏ ဟုတ်တိုင်းမှန်ရာ ပြောဆိုမှုကို သဘောကျသောကြောင့် ၎င်းကို မဲပေးမည်’ ဆိုသော စကားကြောင့် ပရိသတ်အံ့အားသင့်ခဲ့ရသည်။ ဂျေဇီးက ၎င်းကိုသတ်ရန် လူသတ်သမား ငှားရမ်းခဲ့သည်ဆိုသော စွပ်စွဲမှုများ အပါအဝင် တစ်သမတ်တည်းမဟုတ်သော မှတ်ချက်များ ပြောကြားခဲ့ပြီး မကြာမီ ဝက်စ်သည် ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။

ဝက်စ်သည် ပင်ပန်းနွမ်းလျမှုကြောင့် ဖျော်ဖြေပွဲများ ဖျက်သိမ်းခဲ့သည်ဟု အနုပညာသတင်းများ ဖော်ပြသည့် TMZ ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပြီး နာရီပိုင်းအကြာတွင် ၎င်းသည် ကယ်လီဖိုးနီးယားတက္ကသိုလ်၌ ကုသမှုခံယူနေသည့် သတင်းထွက်ရှိခဲ့သည်။

Most Read

Most Recent