Miss Universe 2017 တွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်ဇွန်သံစဉ်၏ National Costume အား မြန်မာ့ဆိုင်းဝိုင်းကို သရုပ်ဖော်ထားသည့် ဝတ်စုံအသွင်ဖြင့် ဝတ်ဆင်ယှဉ်ပြိုင်မည်

Miss Universe 2017 တွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်ဇွန်သံစဉ်၏ National Costume အား မြန်မာ့ဆိုင်းဝိုင်းကို သရုပ်ဖော်ထားသည့် ဝတ်စုံအသွင်ဖြင့် ဝတ်ဆင်ယှဉ်ပြိုင်မည်
Published 7 November 2017

Miss Universe 2017 တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့ဆိုင်းဝိုင်းကို သရုပ်ဖော်ထားသည့် ဝတ်စုံဒီဇိုင်းအားတွေ့ရစဉ်

Miss Universe 2017 အလှမယ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ်ဇွန်သံစဉ်၏ National Costume အား မြန်မာ့ဆိုင်းဝိုင်းကို သရုပ်ဖော်ထားသည့် ဝတ်စုံအသွင်ဖြင့် ဝတ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ အလှမယ်ဇွန်သံစဉ်၏  National Costume ကို ဒီဇိုင်နာဒေါက်တာ သဇင်ခင်က ပုံဖော်ပေးထားခြင်းဖြစ်ပြီး မြန်မာ့အနုပညာ ရွှေချည်ထိုးလက်ရာနှင့် မှန်စီရွှေချ လက်ရာများအား ဖော်ကျူးပြသထားသည့် ဝတ်စုံများဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆိုင်းဝိုင်းဆိုတာက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ ဖန်တီးမှုတစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် မြန်မာ့ဆိုင်းဝိုင်းအသွင် ဝတ်ဆင်ဖန်တီးစေမှာ ဖြစ်ပါတယ်။ ဒီဝတ်စုံမှာ မြန်မာ့အနုပညာ အမွေအနှစ်တွေဖြစ်တဲ့ ရွှေချည်ထိုးလက်ရာနဲ့ မှန်စီရွှေချလက်ရာ တွေကိုလည်း မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ မနှစ်တုန်းကလည်း ထက်ထက်ထွန်းက မြန်မာကိုယ်စားပြုအနေနဲ့ Best National Costume ဆုကို ရရှိခဲ့တာကြောင့် အခုနှစ်မှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေကြားမှာ ထင်ရှားပေါ်လွင်အောင် ကြိုးစားသွားမှာပါ။ ဇွန်သံစဉ်ကလည်း အများကြီး ပြင်ဆင်ထားပါတယ်” ဟု Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆိုပါသည်။

မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ဇွန်သံစဉ်ကလည်း “မကြာခင် သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်တဲ့အတွက် ညီမအနေနဲ့လည်း စိတ်လှုပ်ရှားပါတယ်။ ပြင်ဆင်ချိန် တစ်နှစ်တာ ကာလအတွင်းမှာလည်း ညီမအနေနဲ့ လူစွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ပြင်ဆင်ထားပါတယ်။ မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကို အကောင်းဆုံးပုံရိပ်တွေ ထင်ဟပ်နိုင်အောင် ကြိုးစားသွားမှာပါ။ ပရိသတ်တွေကလည်း ညီမကို အားပေးကြစေချင်ပါတယ်။ ပရိသတ်များကပေးတဲ့ စိတ်ဓာတ်ခွန်အားတွေကိုယူပြီး အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ National Costume ကလည်း မြန်မာ့ရိုးရာအနုပညာကို ပုံဖော်ထားတာဖြစ်တဲ့အတွက် နိုင်ငံတကာမှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားပါမယ်” ဟု ဆိုပါသည်။

Miss Universe 2017 အလှမယ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်၌ ကျင်းပမည်ဖြစ်သည်။ Miss Universe 2016 အလှမယ်ပြိုင်ပွဲတွင် အလှမယ် ထက်ထက်ထွန်းက မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ရာ၌ Best National Costume ဆုကိုရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent