ဟောလိဝုဒ်၏ နှေးကွေးလေးလံသည့် အခြေအနေကို Thor ; Rognarok က ချေဖျက်

ဟောလိဝုဒ်၏ နှေးကွေးလေးလံသည့် အခြေအနေကို Thor ; Rognarok က ချေဖျက်
Published 7 November 2017

ဟောလိဝုဒ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့သော အောက်တိုဘာလအပြီးတွင် ဒစ္စနေနှင့် မာဗယ်စတူဒီယိုတို့မှ ထုတ်လုပ်လိုက်သော Thor ; Rognarok သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အလွန်ကြီးမားသည့် အောင်မြင်မှုကြီးရရှိခဲ့သည်။ မြောက်အမေရိကဒေသရှိ ရုပ်ရှင်ရုံများတွင် ဝင်ငွေဒေါ်လာ ၁၂၁ သန်း ရရှိထားသော Thor သည် ကမ္ဘာတစ်ဝန်း၌ ပြသခဲ့ရာတွင်လည်း ဒေါ်လာ ၄၂၇ သန်းခန့် ရရှိခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က Thor ၏ သုံးရက်ကြာ ပွဲဦးထွက်ပြသရာမှ ရရှိသည့် ဝင်ငွေသည် လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က ဝင်ငွေအများဆုံး နံပါတ်တစ်ဖြစ်ခဲ့သည့်  Lionsgate မှ ထုတ်လုပ်သည့် Jigsaw ၏ ပွဲဦးထွက်ဝင်ငွေထက် ခုနစ်ဆကျော် ပိုများခဲ့သည်။ Jigsaw မှာမူ ဝင်ငွေဒေါ်လာ ၆ ဒသမ ၇ သန်းသာရရှိပြီး တတိယနေရာသို့ ဆင်းသွားခဲ့သည်။

အားကောင်းသည့် ရုပ်ရှင်ဝေဖန်သုံးသပ်ချက်များကို ရရှိထားသော Thor ; Rognarok တွင် ခရစ်ဟမ်းစ်ဝေါ့က Thor အဖြစ် သရုပ်ဆောင်ထားပြီး ကိတ်ဘလန်ချက်က မရဏနတ်ဘုရားမဖြစ်သော Hela အဖြစ် သရုပ်ဆောင်ထားသည်။ ဇာတ်လမ်းသည် အကျဉ်းကျနေသော Thor က အသက်ရှင်ရေးအတွက် ၎င်း၏ မဟာမိတ်ဟောင်းဖြစ်သည့် Hulk နှင့် အသေအကျေသတ်ပုတ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသလို တစ်ဖက်တွင်မူ ၎င်း၏ နေရပ်နှင့် Asgardian လူထုကို စွမ်းအားကြီး Hela လက်ထဲမှ ကယ်တင်ရန် အချိန်လု၍ကြိုးပမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဝင်ငွေအများဆုံး စာရင်း၏ ဒုတိယနေရာတွင် ရှိနေသည့်ရုပ်ရှင်မှာ STX Entertainment မှ ထုတ်လုပ်သော A Bad Mom's Christmas ဖြစ်ပြီး ဒေါ်လာ ၁၇ သန်းရရှိထားသည်။  ယခင်ထွက်ရှိထားသည့် Badmoms ၏ နောက်ဆက်တွဲဖြစ်သော A Bad Mom's Christmas တွင် တာဝန်ပိနေသည့် မိခင်သုံးဦးအဖြစ် မီလာကူးနစ်၊ ခရစ်စတင်ဘဲလ်နှင့် ကတ်သရင်းဟာန်တို့က ပြန်လည်ပါဝင် သရုပ်ဆောင်ထားသည်။ စာရင်း၏ နံပါတ်လေးနေရာတွင် ရပ်တည်နေသည့် ရုပ်ရှင်မှာ တေလာပယ်ရီကိုယ်တိုင် ရိုက်ကူးကာ ပါဝင်သရုပ်ဆောင်ထားသည့် Boo2 ! A Madea Halloween ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၄ ဒသမ ၇ သန်း ရရှိထားသည်။

Most Read

Most Recent