တိုကျိုရုပ်ရှင်ပွဲတော်တွင် တူရကီ ဇာတ်ကား Grain က ထိပ်တန်းဆု ရရှိ

တိုကျိုရုပ်ရှင်ပွဲတော်တွင် တူရကီ ဇာတ်ကား Grain က ထိပ်တန်းဆု ရရှိ
Published 5 November 2017

Grain ဇာတ်ကား၏ဒါရိုက်တာ ဆီမက်ကာပါလန်နိုဂလူ (Photo: AFP)

အကြိမ် (၃၀) မြောက် တိုကျိုအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် TIFF တွင် တူရကီ ဒါရိုက်တာဆီမက်ကာပါလန်နိုဂလူ ရိုက်ကူးသည့် အနာဂတ်မျှော်ဇာတ်ကား Grain က အမြင့်ဆုံးဆုဖြစ်သည့် Grand Prix ကို ရရှိခဲ့သည်။

မျိုးစေ့ဗီဇပညာရှင်တစ်ဦးက လူသားများကို ကယ်တင်ရန်အတွက် နှံစားပင်၏ အစေ့အဆန်ရရှိရန် စူးစမ်းရှာဖွေသည့်အကြောင်း ရိုက်ကူးထားသည့် အနာဂတ်မျှော်  စိတ်ကူးယဉ်သိပ္ပံဇာတ်ကား၏ ဇာတ်ညွှန်းကို  ဆီမက်ကာပါလန်နိုဂလူ ကိုယ်တိုင်ရေးသားခဲ့သည်ဟု သိရသည်။ ဆီမက်သည် ယင်းဆုအတွက် ငွေသား ဒေါ်လာ ၅၀,၀၀၀ ရရှိခဲ့သည်။

တူရကီ၊ ဂျာမနီနှင့် ဆွီဒင် ပူးတွဲထုတ်လုပ်သည့် ယင်းဇာတ်ကားကို ဒက်ထရွိုက်၊ မီရှီဂန်၊ ဂျာမနီနှင့် တူရကီတို့တွင် ရိုက်ကူးခဲ့ သည်ဟုသိရသည်။

“ဒီဇာတ်ကားရဲ့ စိတ်ကူးယဉ်မှုနဲ့ ဖြစ်ရပ်မှန် တင်ပြချက်တွေကို ကျွန်တော်တို့ သဘောကျခဲ့တယ်” ဟု TIFF ၏ ဆုရွေးချယ်ရေး ဂျူရီအဖွဲ့ ဥက္ကဋ္ဌ တိုမီလီဂျုံးက ပြောကြားခဲ့သည်။ Grain  ဇာတ်ကားကို Grand Prix  ချီးမြှင့်ရန် ဂျုရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်ရုပ်ရှင်ပွဲတော်တွင်  မလေးရှားဒါရိုက်တာ Edmund Yeo က Aqerat (We the Dead) ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။ တရုတ်သရုပ်ဆောင် Duan Yihong က The Looming Strom ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို သရုပ်ဆောင် Adleling D'Hermy က France's Maryline ဇာတ်ကားဖြင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ၈၈၈၈ လူထုအုံကြွမှုဖြစ်ပြီးနောက် ဂျပန်နိုင်ငံတွင် ဗီဇာမရှိဘဲ ရွှေ့ ပြောင်း အခြေချများအဖြစ် နေထိုင်ခဲ့သည့် မြန်မာမိသားစုတစ်စု၏ ဖြစ်ရပ်မှန်အကြောင်း ရိုက်ကူးထားသည့် ဂျပန်ဒါရိုက်တာ အာကီအိုဖူဂျီမိုတို၏ Passage of Life ဇာတ်ကားက တိုကျိုရုပ်ရှင်ပွဲတော်၏ အာရှရုပ်ရှင်ဇာတ်ကားကဏ္ဍတွင် အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့သည်။ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ  ၃ ရက်အထိ ကျင်းပခဲ့သည့် TIFF ကို အယ်လ်ဂိုး၏ မှတ်တမ်းရုပ်ရှင် An Inconvenient  Sequel : Truth to Power ပြသမှုဖြင့် ပိတ်သိမ်းခဲ့သည်။

Most Read

Most Recent