လေးဖြူနှင့် မျိုးကြီးတို့ ဦးဆောင် တင်ဆက်မည့် Big 9 Online TV တွင် အနုပညာ အစီအစဉ်များစွာ ရိုက်ကူးတင်ဆက်မည်

လေးဖြူနှင့် မျိုးကြီးတို့ ဦးဆောင် တင်ဆက်မည့် Big 9 Online TV တွင် အနုပညာ အစီအစဉ်များစွာ ရိုက်ကူးတင်ဆက်မည်
Published 3 November 2017

တေးသံရှင်လေးဖြူနှင့် မျိုးကြီးတို့ ဦးဆောင် စီစဉ်တင်ဆက်မည့် Big 9 Online TV တွင် ဂီတဖျော်ဖြေပွဲများ၊ ခရီးသွားအစီအစဉ်များ၊ ဂီတမျိုးဆက်သစ်များအတွက် စကားဝိုင်းများ၊ ဖက်ရှင်အစီအစဉ်များအား ရိုက်ကူးတင်ဆက်ရန် စီစဉ်ထားသည်ဟု သိရသည်။ Big 9 TV ကို ဂီတလောကတိုးတက်မှုနှင့် ဂီတနှင့်ဆက်စပ်သည့် အနုပညာဖန်တီးမှုများအတွက် ရည်ရွယ်တည်ထောင်ခြင်းဖြစ်ပြီး Big 9 TV Application မှတစ်ဆင့် ခံစားကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Big 9 TV အား Andoid Platform နှင့် iOS Platform နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး မကြာမီတွင် Google Play Store နှင့် Apple Apps Store များတွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ကာ Website Version ကိုလည်း မကြာမီ ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ Big 9 TV အနေနဲ့ လုပ်ဆောင်ဖြစ်တဲ့ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ဂီတလောက တိုးတက်လာဖို့အတွက် တစ်တပ်တစ်အားအနေနဲ့ လုပ်ချင်တဲ့ ရည်ရွယ်ချက်ရယ်၊ ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ တိုးတက်နေတဲ့ အရှိန်အဝါနဲ့အညီ တိုးတက်နေတဲ့ နည်းပညာတွေနဲ့အတူ ဂီတလောကကိုလည်း တိုးတက်သွားစေချင်တာရယ်၊ နောက်ဆုံးတစ်ခုကတော့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ မြန်မာပြည်သူပြည်သားတွေကို ပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေနဲ့ တစ်ပြိုင်တည်း အတူတကွ ပျော်ရွှင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေကို စုစည်းပြီး လုပ်ဆောင်ထားတာ ဖြစ်ပါတယ်” ဟု Big 9 Online TV ၏ Chairman ဖြစ်သူ တေးသံရှင်လေးဖြူက ဆိုသည်။

Big 9 Online TV တွင် တေးသီချင်းအသစ်များအား တင်ဆက်မည့် New Song Release အစီအစဉ်၊ Iron Cross တေးသံရှင်များ အပါအဝင် ထင်ရှားသည့်ဂီတအနုပညာရှင်များ၏ အောင်မြင်ထင်ရှားသည့် တေးသီချင်းများ ထုတ်လွှင့်မှုအစီအစဉ်၊ တေးသံရှင် လေးဖြူနှင့် မျိုးကြီးတို့ကိုယ်တိုင် ပါဝင်စီစဉ် တင်ဆက်သည့် Travel-Log အစီအစဉ်၊ ဂီတပညာရှင်များ၏ စိတ်ဝင်စားမှုနှင့် ဝါသနာရှင်များအား တင်ဆက်သည့်အစီအစဉ်၊ မျိုးဆက်သစ်ဂီတပညာရှင်များနှင့် တေးသံရှင် လေးဖြူ၊ မျိုးကြီးတို့၏ ဂီတစကားဝိုင်းအစီအစဉ် စသည့် အစီအစဉ်များအပြင် Live Show များအား တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Big 9 TV ၏ ပထမဆုံးခြေလှမ်းအဖြစ် နိုဝင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ Iron Cross တီးဝိုင်း၏ ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ပြီး Big 9 TV Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent