အနုပညာလုပ်ငန်းများအား ဖြည်းဖြည်းမှန်မှန်ခြေလှမ်းများဖြင့် လျှောက်လှမ်းနေသူ သရုပ်ဆောင်မော်ဒယ်လ် မာရီကိုးလ်၏ ငယ်ဘဝဖြတ်သန်းရာ

အနုပညာလုပ်ငန်းများအား ဖြည်းဖြည်းမှန်မှန်ခြေလှမ်းများဖြင့် လျှောက်လှမ်းနေသူ သရုပ်ဆောင်မော်ဒယ်လ် မာရီကိုးလ်၏ ငယ်ဘဝဖြတ်သန်းရာ
Published 2 November 2017

ဒီတစ်ပတ်ရဲ့ ငယ်ဘဝဖြတ်သန်းရာ ကဏ္ဍမှာ နာဂတိုင်းရင်းသူမော်ဒယ်လ်သရုပ်ဆောင် မာရီကိုးလ်ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေကို ဖော်ပြပေးချင်ပါတယ်။

မာရီကိုးလ်ကို အောက်တိုဘာ ၁၂ ရက်မှာ ဦးအောင်သိန်းနဲ့ ဒေါ်စန်းစန်းနွယ်တို့က မွေးဖွားခဲ့ကြပြီး မွေးချင်းမောင်နှမသုံးယောက်ရှိတဲ့အနက် အကြီးဆုံးသမီးဖြစ်ပါတယ်။ နာမည်ရင်း သန္တာနွယ်လို့ခေါ်တဲ့ မာရီကိုးလ်ရဲ့ မွေးဖွားရာဇာတိကတော့ ခန္တီးမြို့မှာပါ။ ငယ်စဉ်ဘဝရဲ့ အမှတ်တရကတော့ အရမ်းဆော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံရိုက်ရမှာ အရမ်းကြောက်ခဲ့တာကြောင့် ငယ်ဘ၀ ဓာတ်ပုံတွေက ရှားပါတယ်လို့လည်း ဖြည့်စွက်ပြောပြပါသေးတယ်။

ကျောင်းပညာရေးကတော့ သုံးနှစ်သမီးအရွယ်မှာ ကချင်ပြည်နယ်ဗန်းမော်မြို့ကို ပြောင်းရွှေ့ခဲ့ရတာကြောင့် အ.ထ.က (၄) ဗန်းမော်မှာပဲ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အထိ တက်ရောက်ခဲ့သူပါ။

“ညီမငယ်ငယ်ကတော့ စာတော်တယ်။ ဒါပေမဲ့ ငါးတန်းနှစ်ကစပြီး ကျန်းမာရေးချူချာတော့ တစ်နှစ်တစ်တန်း အောင်ရုံလောက်ပဲ။ ညီမက ဉာဏ်သိပ်မကောင်းဘူး။ ဇွဲတော့ အရမ်းကြီးတယ်။ စာတွေမမှတ်မိလည်း မရရအောင်တော့ ကျက်တယ်။ အဲဒါက ညီမအကျင့်ပဲ။ ငယ်ငယ်ကသင်ရတဲ့ ဘာသာတွေမှာဆိုရင် ပုံဆွဲရတာကြိုက်တော့ Bio စိတ်ဝင်စားတယ်။ အင်္ဂလိပ်စာလည်း ကြိုက်ပါတယ်” လို့  မာရီကိုးလ်က ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ မာရီကိုးလ်က အင်္ဂလိပ်ဘာသာ အဝေးသင်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ မြစ်ကြီးနားတက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ပထမနှစ်တက်အပြီးမှာ အနုပညာ အလုပ်တွေလုပ်ကိုင်နေတာကြောင့် ကျောင်းတက်ဖို့ ရပ်ဆိုင်းခဲ့ပါတယ်။

မာရီကိုးလ်က ငယ်စဉ်ကျောင်းတက်စဉ် တစ်လျှောက်လုံး ကျောင်းကပွဲတွေမှာ ပါဝင်ခဲ့သလို အငြိမ့်က၊ သီချင်းဆိုတာတွေ အမြဲလုပ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မာရီကိုးလ်က ရေကူးအားကစားကို အမြဲလုပ်သလို ဘောလီဘော အားကစားမှာလည်း လက်ရွေးစင် အဆင့်အထိ ရွေးချယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပြေးပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တယ်လို့ ထပ်ဖြည့်ပြောပြခဲ့ပါတယ်။ မာရီကိုးလ်ဟာ Talents & Model Agency မှာသုံးနှစ်စာချုပ်ချုပ်ဆိုပြီး အနုပညာအလုပ်တွေ စတင်လုပ်ကိုင် ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာပြုလုပ် တဲ့ Miss Asean ပြိုင်ပွဲကို မော်ဒယ်လ်အောန်ဆိုင်းနဲ့အတူ သွားရောက်ယှဉ်ပြိုင်ခွင့်ရပြီးနောက် ကြော်ငြာနဲ့မဂ္ဂဇင်းတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်အသိအမှတ်ပြုမှုကို ရရှိလာခဲ့ပါတယ်။ မာရီကိုးလ်ရဲ့ ပထမဆုံးသရုပ်ဆောင် ခြေလှမ်းကတော့ မချော ၁၀ ယောက် ကိုယ်တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရခြင်းပါ။ အဲဒီနောက်မှာတော့ 5 Plus အတွက် ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ဒီနောက်မှာ ပထမဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် ဒါရိုက်တာမီးပွား ရိုက်ကူးတဲ့ 'အေဒင်ရဲ့ နတ်သမီး' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့ပြီးနောက်'ကာလာစုံ Lesson' ရုပ်ရှင်ဇာတ်ကားမှာပါ ထပ်မံ ပါဝင်ခွင့်ရခဲ့ပါတယ်။

“ညီမ ဘဝမှာတော့ အခက်အခဲတွေက အများကြီးကြုံခဲ့ရပါတယ်။ အဓိကတော့ ညီမဘေးမှာ Supporting ဆိုတာမျိုး မရှိဘူးလေ။ ဘယ်အရာမဆို ကိုယ်ထူကိုယ်ထ လုပ်ရတယ်။ ပြီးတော့ ညီမက အရမ်းအားနာတတ်တယ်။ အဲဒီအားနာတတ်တဲ့အပေါ်မှာ ရပါတယ်ဆိုပြီး ဒုက္ခပေးတာမျိုးတွေလည်း ကြုံခဲ့ဖူးတယ်။ အမြဲတမ်းပဲ သည်းခံပေမယ့် တစ်ခါလောက် သည်းမခံနိုင်လို့ ပြောမိပြန်ရင်လည်း သူက ဒီလိုမျိုးဆိုတာပြောကြတာတွေ ရှိတယ်။ အဓိကတော့ ရုပ်ရှင်လောကဆိုတာက ပတ်သက်ရာပတ်သက်ကြောင်းနဲ့ သွားကြတာလေ။ ညီမကတော့ အဲဒီလိုမျိုးနဲ့ မသွားချင်ဘူး။ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ သွားချင်တယ်။ အဲဒီအတွက် ပိုခက်ခဲလည်း ခက်ခဲပါစေ ဆိုပြီး စိတ်ထဲမှာ ထားထားတယ်။ ကိုယ့်  Talent နဲ့လုပ်နိုင်တဲ့နေရာမှာ အကောင်းဆုံး ကြိုးစားတယ်။ ကိုယ်တကယ် မလုပ်နိုင်လောက်တဲ့ ဇာတ်ရုပ်မျိုးဆိုရင်လည်း ငြင်းပစ်တယ်။ တစ်ခါတလေ ပိုက်ဆံတွေအများကြီးပုံပေးပြီး အနုပညာဗန်းပြတဲ့အလုပ်မျိုးတွေ ကမ်းလှမ်းတာမျိုးလည်း ကြုံဖူးတယ်။ ညီမကတော့ ငြင်းပစ်တယ်။ အဓိကတော့ ခေါင်းမာတာပေါ့။ ကိုယ်ယုံကြည်တဲ့အနုပညာကိုပဲ ကြိုးစားလုပ်မယ်ဆိုတဲ့စိတ်ကိုပဲ အမြဲထည့်ထားပါတယ်” လို့ မာရီကိုးလ်က ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဖွင့်ဟခဲ့ပါတယ်။

မာရီကိုးလ်က ပြင်သစ်ဒါရိုက်တာသင်ကြားပေးခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးကသရုပ်ဆောင် သင်တန်းကို တက်ရောက်ခဲ့သလို မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် Acting Course ကိုလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။ တစ်ကိုယ်တော်စီးရီး တစ်ခွေကိုလည်း အသံသွင်းယူနေပါတယ်။ အမ်တီဗီကိုပါ တစ်ပါတည်းဖြန့်ချိဖို့ စီစဉ်ရိုက်ကူးနေတာပါ။ အခုနှစ်ထဲမှာပဲ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မာရီကိုးလ်က လိုချင်တဲ့ အတိုင်းအတာအထိ အနုပညာအလုပ်တွေ မလုပ်နိုင်သေးတာကြောင့် မကျေနပ်သေးပေမယ့် အားမလျှော့ဘဲ ဆက်ကြိုးစားသွားမှာဖြစ်ပြီး ပရိသတ်အပေါ်ထားတဲ့ စေတနာနဲ့တူညီတဲ့ တုံ့ပြန်မှုတစ်ခုကို ပြန်လည်ရရှိမယ်လို့ ယုံကြည်ထားကြောင်း သူ့ရဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။

 

 

Most Read

Most Recent