စိတ်ကူးယဉ် သိပ္ပံ အက်ရှင်ဇာတ်ကား Blade Runner 2049 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသ

စိတ်ကူးယဉ် သိပ္ပံ အက်ရှင်ဇာတ်ကား Blade Runner 2049 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသ
Published 27 October 2017

စိတ်ကူးယဉ် သိပ္ပံ အက်ရှင်ဇာတ်ကား Blade Runner 2049 ရုပ်ရှင်ဇာတ်ကားသစ်ကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ ရုပ်ရှင်ရုံများ၌ အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ တစ်ပြိုင်နက် ရုံတင်ပြသလျက် ရှိသည်ဟု သိရသည်။

Blade Runner 2049 ရုပ်ရှင်ဇာတ်ကားသည် ၁၉၈၂ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Blade Runner ရုပ်ရှင်ဇာတ်ကားကို ပုံစံသစ်ဖြင့် ပြန်လည်ဆန်းသစ် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

သက္ကရာဇ် ၂၀၄၉ ခုနှစ်တွင် သိပ္ပံပညာသည် အလွန်အဆင့်မြင့်လာခဲ့ပြီး လူသားတို့သည် Replicants ခေါ် မျိုးဗီဇ အင်ဂျင်နီယာ နည်းပညာကို အသုံးပြုကာ လူသားများနှင့် ပုံစံတူသည့် လူသားမျိုးနွယ်သစ်များ ဖန်တီးခဲ့ကြသည်။ ယင်းဖန်တီး လူသားများကို လူ့အဖွဲ့အစည်းအတွက် လိုအပ်သော်လည်း လူသားများ မလုပ်ကိုင်လိုသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အသုံးပြုခဲ့ကြသည်။ အဆိုပါ လူသားပုံစံတူ မျိုးနွယ်များအနက် နောက်ဆုံးဖန်တီးမှုဖြစ်သည့် K သည် LAPD (လော့စ်အိန်ဂျလိစ်) ရဲဌာနတွင် တာဝန်ထမ်းဆောင်နေခဲ့သည်။ သူ၏ မှတ်ဉာဏ်ထဲ၌ လူသားများ ဖန်တီးထားသည့် သရီးဒီ ပုံရိပ်မှတ်ဉာဏ်တွင် Joi ဆိုသည့် ချစ်သူကောင်မလေး ရှိနေသည်။

ဖန်တီးလူသားမျိုးနွယ်များသည် သူတို့၏ လွတ်လပ်ခွင့်အတွက် တောင်းဆိုမှုများ ပြုလုပ်ကြသည်ကို K တစ်ယောက် လိုက်လံစုံစမ်းရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ ထိုအမှုကို စုံစမ်းရင်းမှ K သည် လူသားဖန်တီးမှုများကို ပြုလုပ်နိုင်သည့် သဲလွန်စတစ်ခုကို ရရှိခဲ့သည်။ K ရရှိခဲ့သည့် မျိုးဗီဇသည် တစ်ချိန်တွင် လူသားမျိုးနွယ်များနှင့် စစ်ဖြစ်လာသည့် အင်အားတစ်ခု ဖြစ်နေကြောင်း သိရှိချိန်တွင် ဖြစ်ပေါ်လာသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

Blade Runner 2049 ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Denis Villeneuve က ရိုက်ကူးပြီး Harrison Ford, Ryan Gosling, Ana de Armas တို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ မင်္ဂလာ ၂၊ Mingalar Vineplex၊ နေပြည်တော် ၃၊၊ Junction City JCGV နှင့် Junction St. John JCGV ရုပ်ရှင်ရုံများ၊ တောင်ကြီးမြို့ရှိ City Square ရုပ်ရှင်ရုံနှင့် မန္တလေးမြို့ရှိ Mingalar Diamond Complex ရုပ်ရှင်ရုံ များ၌ တစ်ပြိုင်နက်ပြသထားသည်။

Most Read

Most Recent