ဇာတ်ကောင်စရိုက်တိုင်းကို ပီပြင်စွာ ပုံဖော်လိုသူ ဆရာဝန်သရုပ်ဆောင် ပိုင်ဖြိုးသု၏ ငယ်ဘ၀ အမှတ်တရ ဖြတ်သန်းရာ

ဇာတ်ကောင်စရိုက်တိုင်းကို ပီပြင်စွာ ပုံဖော်လိုသူ ဆရာဝန်သရုပ်ဆောင် ပိုင်ဖြိုးသု၏ ငယ်ဘ၀ အမှတ်တရ ဖြတ်သန်းရာ
Published 26 October 2017

ကလေးသရုပ်ဆောင်အဖြစ်ကနေ အရွယ်ရောက်လာတဲ့အခါ သရုပ်ဆောင် အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ကြသူတွေ ရှိသလို မတူကွဲပြားတဲ့နယ်ပယ်သစ်မှာ ကျင်လည်ဖြတ်သန်းကြသူတွေလည်း ရှိကြပါတယ်။ ဒီလိုကလေးသရုပ်ဆောင် အဖြစ်ကနေ အရွယ်ရောက်လာချိန်မှာ သရုပ်ဆောင် အလုပ်ကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ် အားပေးချစ်ခင်မှုကို ဆက်လက်ရယူထားနိုင်သူ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ ငယ်ဘဝဖြတ်သန်းမှုကို ဒီတစ်ပတ်မှာတော့ ဖော်ပြပေးချင်ပါတယ်။

ပိုင်ဖြိုးသုကို ၁၉၉၀ ပြည့်နှစ် ဧပြီ ၅ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာပါ။ မွေးချင်းမောင်နှမသုံးယောက်ရှိတဲ့အနက်က အလတ်ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အဘိုး အဘွားတွေနဲ့ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ပိုင်ဖြိုးသုက အနုပညာဗီဇပါလာတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက သီချင်းသံကြားရင် ပျော်နေတတ်ပြီး လိုက်ကတတ်တယ်လို့ ဆိုပါတယ်။

ပညာရေးကိုတော့ တီတီစီကျောင်းမှာ သင်ယူလေ့လာခဲ့ပြီး ထူးချွန်တဲ့ပိုင်ဖြိုးသုက ငယ်စဉ်ဘဝမှာကတည်းက အနုပညာအလုပ်တွေမှာလည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သုံးနှစ်အရွယ်ကလေးဘဝကတည်းက မြန်မာအက လေ့လာသင်ယူခဲ့သလို ကျောင်းနေစဉ်မှာလည်း ကျောင်းရဲ့ ဘင်ခရာတီးဝိုင်းမှာ ပါဝင်ခဲ့ပါတယ်။ အာဆီယံ အနုပညာကပွဲမှာလည်း မြန်မာအကနဲ့ပါဝင် တင်ဆက်ခွင့် ရရှိခဲ့သူပါ။ ဒီနောက်မှာတော့ အနုပညာဝါသနာက ပိုမို ပြင်းပြလာပြီး မတင်မိုးလွင်ရဲ့ Talent & Models Agency ကို တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြော်ငြာအချို့မှာပါဝင် သရုပ်ဆောင်ခွင့်ရရှိရာက မိခင်ဖြစ်သူရဲ့ မိတ်ဆွေဖြစ်သူ ဒါရိုက်တာအကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

“အဲဒီတုန်းက တီဗွီထဲက ကလေးသရုပ်ဆောင်တွေကို ကြည့်ပြီးလိုက်လုပ်ချင်တာ။ အဲဒါနဲ့ပဲ ကလေးမော်ဒယ်လ်သင်တန်း တက်ဖြစ်တယ်။ ပြီးတော့မေမေ့ မိတ်ဆွေ ဒါရိုက်တာဦးမျိုးမင်းက ကမ်းလှမ်းတော့ ကလေးသရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေ စရိုက်ဖြစ်သွားတယ်။ ဇာတ်ကား ငါးကားခြောက်ကားလောက်ပဲ ရိုက်ခဲ့တယ် ဆိုပေမဲ့ ဇာတ်ကားတွေက ပေါက်ခဲ့တဲ့အခါကျတော့ ပရိသတ်တွေကလည်း ညီမကို သိသွားကြတာပါ။ ညီမကိုယ်တိုင်လည်း ကြိုက်ပြီး ပရိသတ် အမှတ်တရရှိတဲ့ဇာတ်ကား ဆိုရင်တော့ ဦးသားကြီး (ဒွေး) တို့ အန်တီတင့်တို့ ပါဝင်တဲ့ ကြောက်တတ်သူများမကြည့်ရဆိုတဲ့ ဇာတ်ကားလေးပါ” လို့ ငယ်ဘဝအနုပညာ အမှတ်တရကို ပိုင်ဖြိုးသုက ပြောပြခဲ့ပါတယ်။

ကလေးသရုပ်ဆောင်အဖြစ် ရိုက်ကူးခဲ့ရာမှာ တွဲဖက်ပါဝင်ခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်တွေဆီက အတုယူစရာတွေ အများကြီးရခဲ့တယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။ “ညီမ ကလေးသရုပ်ဆောင်အဖြစ် ရိုက်ကူးစဉ်မှာ တွဲဖက်ပါဝင်တဲ့သူတွေ ဝါရင့်အနုပညာရှင်တွေဆိုတော့ အတုယူစရာတွေတော့ အများကြီး ရခဲ့ပါတယ်။ မှတ်မှတ်ရရဆိုရင် ညီမ ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက်တုန်း အဲဒီကားမရိုက်ခင် ဦးသားကြီး(ဒွေး)တို့ ရိုက်လက်စ ရှူတင်ကိုသွားကြည့်ဖြစ်တယ်။ အဲဒီအခန်းမှာ ဦးသားကြီးက အိမ်လေးကျဉ်းကျဉ်းလေးမှာ တစ်ယောက်တည်း ငိုနေတယ်။ ဒါရိုက်တာက ကိုညိုမင်းလွင်ပါ။ မော်နီတာမှာ ဦးသားကြီး တစ်ယောက်တည်း ငိုနေတာကြည့်ရင်းနဲ့ တော်လိုက်တာလို့ တွေးနေတာ။ ခဏနေတော့ ဦးသားကြီးက ထွက်လာတယ်။ ညိုကြီး ငါမရသေးဘူး။ ငါညာလိုက်တာလို့ပြောပြီး နောက်တစ်ကြိမ် ထပ်လုပ်တယ်။ သူ့ရင်ထဲက ခံစားမှု အစစ်အမှန် မဟုတ်မချင်း ပရိသတ်ကို မညာဘဲ ထပ်လုပ်တာကိုကြည့်ပြီး ဒါအတုယူရမှာပဲဆိုတာ စဉ်းစားမိတယ်။ အဲဒီလိုကြုံရတာတွေတော့ အများကြီးပဲ” လို့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပိုင်ဖြိုးသုက ပညာရေးမှာပဲ အားစိုက်နေခဲ့ပြီး ဆေးတက္ကသိုလ် အောင်မြင်ပြီးချိန်မှသာ အနုပညာလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့တာပါ။

‘စိုင်းစိုင်းကို ချစ်တယ်’ ဆိုတဲ့ဇာတ်ကားနဲ့ ပိုင်ဖြိုးသုရဲ့ တစ်ကျော့ပြန်ခြေလှမ်းက ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို ရရှိစေခဲ့ပါတယ်။ ဒီနောက်မှာတော့ ဇာတ်ကားအချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် အနုပညာပျိုးခင်း (၂) ရဲ့ စင်တင် မင်းသမီးတစ်ဦးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ အနုပညာလောကရဲ့ ထိပ်တန်း အနုပညာရှင်တွေ စုစည်းထားတဲ့ အနုပညာပျိုးခင်းနဲ့ လက်တွဲလို့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် နှစ်ခုကိုပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုက ဆရာဝန်အနေနဲ့ ဆမ လက်မှတ်မရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဝါသနာပါရာ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ကျန်းမာရေး အသိပညာပေးမှုတွေကို ဆက်လက် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားသူပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက WHO Project တစ်ခုမှာ သံတမန်တစ်ဦးအနေနဲ့ ကျန်းမာရေး အသိပညာပေးတွေ လုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်။

ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်သူအဖြစ် ထင်ရှားသူ ခင်နှင်းကြည်သာကို အဓိက ဇာတ်ကောင်ထားရေးဖွဲ့ထားတဲ့ ပန်းဒေါင်းဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးခဲ့ရာမှာလည်း ပိုင်ဖြိုးသုက ခင်နှင်းကြည်သာရဲ့ ဇာတ်ရုပ်အဖြစ် လှုပ်ရှား အသက်ဝင်ခွင့်ရခဲ့ပါတယ်။ သရုပ်ဆောင် ပိုင်ဖြိုးသုက ‘ဧဒင်ရဲ့နတ်သမီး’ ဇာတ်ကားထဲက စိတ်ခံစားမှုပြင်းထန်ရာကနေ စိတ်ရောဂါဝေဒနာရှင်အဖြစ်နဲ့ လူသတ်မှုကျူးလွန်မိခဲ့သူအဖြစ် ပီပြင်စွာ ပုံဖော်နိုင်ခဲ့တာကြောင့် အကယ်ဒမီဆန်ခါတင်စာရင်းအထိ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင်ဇာတ်ကားမှာလည်း ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထက်မြက်ထူးချွန်သူ အမျိုးသမီးတစ်ဦးအဖြစ် ပီပြင်စွာပုံဖော်ထားနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား အများအပြား ဆက်တိုက်ရိုက်ကူးနေသလို ကိုယ်ပိုင်ထုတ်လုပ်ရေး အနေနဲ့လည်း စိတ်တိုင်းကျ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်။

ပညာရေးမှာရော ဝါသနာပါရာ အနုပညာလုပ်ငန်းတွေမှာပါ ခြေလှမ်းတစ်လှမ်းချင်း ကြိုးစားလာခဲ့သူ ပိုင်ဖြိုးသုက ဖြတ်သန်းခဲ့ပြီးတဲ့ ဘဝအတွေ့အကြုံတွေကို သင်ခန်းစာ ရယူတယ်လို့ဆိုပါတယ်။ စိတ်ညစ်စရာတွေရှိရင် မိဘတွေကိုပြောပြသလို ကိုယ့်ကိုယ်ကိုယ်ပြန်အားပေးရင်း ခွန်အားမွေးယူတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဘဝရဲ့အားမာန်နဲ့ ကြုံလာတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ပိုင်ဖြိုးသု လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ ‘Foegive and Forget’ လို့ ဆိုပါတယ်။]]ညီမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ ‘Foegive and Forget’ ပါ။ ခွင့်လွှတ်တယ်။ ပြီးတော့ မေ့ပစ်လိုက်တယ်ပေါ့။ သိတတ်လာတဲ့ အရွယ်ကတည်းက ချစ်တဲ့သူရှိတယ်။ မုန်းတဲ့သူရှိတယ်။ အရင်တုန်းကတော့ ကိုယ့်ကိုဒုက္ခပေးတဲ့သူဆိုရင် လုပ်ရက်လေခြင်းဆိုပြီး ဖြစ်နေတာပေါ့။ တကယ်တော့ အဲဒါအရမ်းပူလောင်တယ်။ အခုနောက်ပိုင်းတော့ ဆောင်ပုဒ်အတိုင်းပဲ ခွင့်လွှတ်ပေးလိုက်တယ်။ ပြီးရင် စိတ်ထဲမှာ ဘာမှမထားတော့ဘူး။ အဲဒါ အရမ်းအေးချမ်းပါတယ်” လို့ ပိုင်ဖြိုးသုက သူ့ရဲ့ခံယူချက်ကို မျှဝေခဲ့ပါတယ်။

များပြားလှတဲ့ဆရာဝန် အနုပညာရှင်တွေထဲ လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကလေးသရုပ်ဆောင်တစ်ယောက် အဖြစ်ကနေ ဆက်လက်ကြိုးစား ချီတက်လာတဲ့ ပိုင်ဖြိုးသုရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေမှာ စိတ်ဝင်စားစရာ၊ အတုယူစရာတွေ ပါဝင်နေသလို လူငယ်တစ်ယောက်ရဲ့ အားမာန်နဲ့ လေးနက်တဲ့ အတွေးအမြင်တွေကိုလည်း မြင်တွေ့နိုင်မှာပါ။

ပိုင်ဖြိုးသုက ပရိသတ်အားပေးချစ်ခင်တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဆက်လက်ကြိုးစားနေပါ့မယ်လို့ သတင်းစကားပါးခဲ့တာကို မျှဝေရင်း ဒီတစ်ပတ်ရဲ့ ကဏ္ဍလေးကို ခဏတာရပ်နားပါရစေ။

Most Read

Most Recent