Thor: Ragnarok ဇာတ်ကားက ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် ဒေါ်လာ သန်း ၁၀၀ အထိရရှိနိုင်ဟု ခန့်မှန်းထား

Thor: Ragnarok ဇာတ်ကားက ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် ဒေါ်လာ သန်း ၁၀၀ အထိရရှိနိုင်ဟု ခန့်မှန်းထား
Published 21 October 2017

 

ရွှန်းရွှန်းဝေသည့် အစောပိုင်းဝေဖန်သုံးသပ်မှုများ၏ အထောက်အပံ့ပြုမှုကြောင့် Thor: Ragnarok ဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့် သောကြာမှ တနင်္ဂနွေအထိ လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၉၀ မှ သန်း ၁၀၀ အထိ ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့သည့် Thor နှင့် ၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သည့် Thor: The Dark World ၏ နောက်ဆက်တွဲဖြစ်သော Thor: Ragnarok ဇာတ်ကားကို နိုဝင်ဘာ ၃ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည်ဖြစ်သည်။ ယင်း ဇာတ်ကားသည် Marvel Cinematic Universe ၏ ၁၇ ကားမြောက်  စူပါဟီးရိုးဇာတ်ကားလည်းဖြစ်သည်။

ဒါရိုက်တာ တိုင်ကာဝေတီတီ ရိုက်ကူးသည့် ယင်းဇာတ်ကားတွင် ခရစ်ဟမ်းစ်ဝါ့သ်၊ တွမ်ဟစ်ဒယ်စတန်၊ ကိတ်ဘလန်ချက်၊ အိုင်ဒရစ်အယ်လ်ဘာ၊ ဂျက်ဖ်ဂိုးဘလမ်၊ တီဆာသွမ်ဆန်၊ ကားလ်အာဘန်၊ မက်ရက်ဖ် ဖလိုနှင့် အန်တိုနီဟော့ကင်းတို့  ပါဝင်သရုပ်ဆောင်ထားသည်။

Thor:Ragnarok ဇာတ်ကားသည် ခန့်မှန်းထားသည့် ဝင်ငွေထက် ပိုများမည်ဆိုပါက ဒစ္စနေက ပိုင်ဆိုင်သည့် မာဗယ်စတူဒီယိုအတွက် Guardians of the Galaxy: Vol.2 နှင့် Spider-Man : Homecoming ဇာတ်ကားပြီးလျှင် ပြည်တွင်း ပွဲဦးထွက်ဝင် ငွေ ဒေါ်လာ သန်း ၁၀၀ ရရှိမည့် သုံးကားမြောက် ဇာတ်ကားဖြစ်လာမည်ဖြစ်သည်။

“Thor: Ragnarok ဟာ မာဗယ်စတူဒီယိုက အခုထိဖြန့်ချိခဲ့ဇာတ်ကားတွေထဲမှာ ရယ်စရာ အကောင်းဆုံး ဇာတ်ကားတစ်ကားနဲ့ အကောင်းဆုံး Thor ဇာတ်ကားပါပဲ” ဟု  Slash Film Entertainment ဝက်ဘ်ဆိုက်၏ ပိုင်ရှင် Peter Sciretta က ရုံမတင်မီအထူးပွဲပြသခဲ့ပြီးနောက် Twitter တွင် ရေးသားခဲ့သည်။

Yahoo Entertainment မှ သတင်းထောက် Kevin Polpwy ကလည်း Thor: Ragnarok ဇာတ်ကားကို  အလွန်ရယ်စရာကောင်းသော၊ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းသော၊ တစ်မူထူးခြားသော၊ နောက်ကြောင်းပြန်သော၊ ရင်သပ်ရှုမောဖွယ်ကောင်း သောဇာတ်ကားဟု ဖော်ပြခဲ့သည်။

Most Read

Most Recent