Miss Supranational Myanmar ဆုရှင် အလှမယ်ရွှေမှူးဟန်နှင့် တွေ့ဆုံခြင်း

Miss Supranational Myanmar ဆုရှင် အလှမယ်ရွှေမှူးဟန်နှင့် တွေ့ဆုံခြင်း
Published 17 October 2017

ကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်ရန် အလှမယ်များ ရွေးချယ်သည့် Miss Golden Land Myanmar အလှမယ်ပြိုင်ပွဲအား ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အလှမယ်ခြောက်ဦးအား ရွေးချယ်ခဲ့သည့်အနက် အမြင့်ဆုံးဆုတစ်ခုဟု ဆိုနိုင်သည့် Miss Supranational Myanmar အလှမယ်ဆုကို ကချင်တိုင်းရင်းသူ ရွှေမှူးဟန်က ဆွတ်ခူးရရှိခဲ့ပါသည်။ အလှမယ် ခင်ဝင့်ဝါ၊ ဟန်သီ၊ L ဘောက်နူးနှင့် ဆွေဇင်ထက်တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် Miss Supranational ပြိုင်ပွဲအတွက် ယခုနှစ်ကိုယ်စားပြုအလှမယ်ဖြစ်လာသည့် ရွှေမှူးဟန်အနေဖြင့် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ နိုဝင်ဘာလအတွင်း သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဒီဇင်ဘာ ၁ ရက်တွင် နောက်ဆုံးအဆင့် ပြိုင်ပွဲပြုလုပ်မည့် Miss Supranational ပြိုင်ပွဲအတွက် ပြင်ဆင်သွားရန် ကြိုးပမ်းနေမှုများ၊ ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားရင်ခုန်မှုများ၊ မြန်မာကိုယ်စားပြုအလှမယ်တစ်ယောက်အဖြစ် ရှေ့ဆက် လုပ်ဆောင်သွားလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေပျူငှာမှု၊ စေတနာထက်သန်မှု၊ ကူညီရိုင်းပင်းတတ်မှု ဆိုတာတွေကိုလည်း နိုင်ငံတကာကသိအောင် တင်ဆက်သွားချင်ပါတယ်’

■ မေး - Miss Golden Land Myanmar အလှမယ်ပြိုင်ပွဲမှာ မပြိုင်ခင် ပြိုင်ပွဲအတွေ့အကြုံလေး ရှိခဲ့ဖူးလား အရင်ပြောပြပါဦး။

ဖြေ - အရှေ့မှာ ပြိုင်ပွဲအတွေ့အကြုံအနေနဲ့ Miss Universe Myanmar မိတ္ထီလာမြို့ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ပေမယ့် နိုင်ငံကိုယ်စားပြုအလှမယ် ဖြစ်ခွင့်မရခဲ့တာကြောင့် ထပ်မံကြိုးစားယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တာပါ။ Miss Golden Land Myanmar ပြိုင်ပွဲမှာလည်း ညီမ အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။

■ မေး - ပြိုင်ပွဲမှာ ဆုကြေညာတဲ့အခါ အမြင့်ဆုံးဆုတစ်ခုလို့ ပြောလို့ရမယ့် Miss Supranational Myanmar ဆုအတွက် ကြေညာခံရတော့ ဘယ်လိုခံစားရလဲ။

ဖြေ - ညီမရဲ့အိပ်မက်က နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် ဖြစ်ချင်တာပါ။ ဒါပေမဲ့ Miss Golden Land Myanmar ပြိုင်ပွဲမှာ မြင့်မားတဲ့ဆုတစ်ခုဖြစ်တဲ့အပြင် အရှေ့က ပြိုင်ပွဲဝင် စီနီယာတွေအားလုံးကလည်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တဲ့ Miss Supranational Myanmar ဆုကို ရမယ်လို့တော့ အများကြီး မျှော်လင့်မထားရဲပါဘူး။ တကယ်တမ်း ဆုကြေညာတဲ့အခါ အရမ်းလည်းဝမ်းသာ ကြည်နူးခဲ့ရပါတယ်။ ပြိုင်ပွဲတောက်လျှောက်မှာ ညီမအနေနဲ့ ကံ ဉာဏ် ဝီရိယအားလုံး အသုံးပြုပြီး ကြိုးစားခဲ့တဲ့ရလဒ်လို့လည်း ယုံကြည်ပါတယ်။

■ မေး - Miss Supranational ပြိုင်ပွဲကို မြန်မာကိုယ်စားပြုသွားပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့အခါ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တဲ့အတွက် ပိုပြီးတာဝန်ကြီးတယ်လို့ ပြောလို့ရလား။

ဖြေ - အဲဒီလို ပြောလို့ရပါတယ်။ ညီမအနေနဲ့တော့ မြန်မာကိုယ်စားပြုအနေနဲ့သွားပြီး ယှဉ်ပြိုင်တဲ့အခါ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ လှပသိမ်မွေ့မှု၊ ယဉ်ကျေးပျူငှာမှု၊ သွက်လက်ထက်မြက်မှုတွေ အားလုံးကို ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေကြားမှာ ပေါ်လွင်အောင် တင်ပြသွားချင်ပါတယ်။ အဲဒီအတွက်လည်း အခုချိန်ကစပြီး လေ့ကျင့်ပြင်ဆင်နေပါပြီ။ ပြိုင်ပွဲက အချိန်နည်းနည်းကပ်နေတော့ လောလောဆယ်မှာ ပြိုင်ပွဲအတွက်ကိုပဲ အပြည့်အ၀ အာရုံစိုက်ပြီး ကြိုးစားသွားပါမယ်။

■ မေး - Miss Golden Land Myanmar ပြိုင်ပွဲ စခန်းသွင်းကာလမှာရော ဘယ်လိုအတွေ့အကြုံကောင်းတွေ ရခဲ့လဲ။

ဖြေ - အတွေ့အကြုံ အများကြီးရပါတယ်။ ညီမတို့ ပြိုင်ပွဲဝင်တွေအားလုံး လေ့လာတာတွေ အများကြီးလုပ်ရတယ်။ ပြီးတော့ ပရဟိတ လှုပ်ရှားမှုတွေလည်း လုပ်ရတယ်။ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်တာတွေလည်း လုပ်ခဲ့ရတယ်။ ပြိုင်ပွဲဝင်တွေအားလုံး အတူတူ နေခဲ့တဲ့အချိန်မှာ ညီအစ်မအရင်းတွေလို ရင်းနှီးချစ်ခင်စိတ်တွေ ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းခဲ့ကြတဲ့ အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့မရပါဘူး။ နိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်တဲ့အခါလည်း အဲဒီလို အတွေ့အကြုံကောင်းတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။

■ မေး - ပြိုင်ပွဲက အချိန်နည်းနည်း ကပ်နေတယ်ဆိုတော့ ဘယ်တော့လောက်သွားပြိုင်ရမလဲ။ အဲဒီအတွက် အဓိက ဘယ်လိုအရာတွေ ပြင်ဆင်သွားမလဲ။

ဖြေ - ပြိုင်ပွဲက ဒီဇင်ဘာလောက်မှာ ပြိုင်ရမယ်လို့ ပြောပါတယ်။ အဓိကတော့ ဗီဇာအရင်ဆုံး ကြိုးစားနေတယ်။ ဒီကြားထဲမှာလည်း အလှမယ်တစ်ယောက်အတွက် လိုအပ်ချက်ဖြစ်တဲ့ Body Beauty Brain အတွက် ပြင်ဆင်သွားမှာပါ။ အထွေထွေ ဗဟုသုတအတွက်လည်း ပြင်ဆင်နေပါတယ်။ ညီမဘက်က လိုအပ်တာတွေအားလုံးကို အတတ်နိုင်ဆုံး ပြင်ဆင်သွားပါမယ်။

■ မေး - Talent အတွက်ရော ဘာတွေအဓိကထား ပြင်ဆင်သွားမလဲ။

ဖြေ - Talent ပိုင်းအတွက်ကတော့ ညီမအနေနဲ့ စန္ဒရားတီးတတ်ပါတယ်။ ဒါပေမဲ့ သီချင်းအဆိုပိုင်းကိုလည်း ထပ်မံလေ့ကျင့်ပြင်ဆင်ဖို့ ရည်မှန်းထားတယ်။ Talent ပိုင်း အနေနဲ့ ဂီတတင်ဆက်မှုကို ပြုလုပ်သွားဖို့ ရည်မှန်းထားပါတယ်။

■ မေး - Miss Supranational ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရတဲ့အခါ မြန်မာနိုင်ငံရဲ့ ဘယ်လိုအကြောင်းအရာမျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိသွားအောင် ပြောပြသွားချင်လဲ။

ဖြေ - မြန်မာနိုင်ငံကို လှပတဲ့နေရာဒေသတွေ ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာကသိရှိပြီး လာရောက် လည်ပတ်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုလှပတဲ့နေရာ ဒေသအသီးသီးက ဘယ်လောက်ထိ တန်ဖိုးရှိသလဲ၊ ဘယ်လိုတန်ဖိုးထား ထိန်းသိမ်းသင့်သလဲ ဆိုတာတွေကို ကမ္ဘာ့နိုင်ငံတွေကပါသိအောင် ပြောပြချင်ပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေပျူငှာမှု၊ စေတနာထက်သန်မှု၊ ကူညီရိုင်းပင်းတတ်မှု ဆိုတာတွေကိုလည်း နိုင်ငံတကာကသိအောင် တင်ဆက်သွားချင်ပါတယ်။

■ မေး - Organization တွေနဲ့ အလှမယ်တွေကြားမှာ တစ်ခါတလေ အဆင်မပြေမှုတွေလည်း ရှိတတ်တော့ ဘယ်လိုနားလည်မှုမျိုးနဲ့ လက်တွဲသွားမလဲ။

ဖြေ - ညီမတို့ကို Organization က ယုံကြည်မှု အပြည့်အဝရှိလို့သာ အခုလို အလှမယ်တစ်ယောက်အနေနဲ့ ရွေးချယ်စေလွှတ်ဖို့ စီစဉ်တာပါ။ Organization ကထားတဲ့ ယုံကြည်မှုအတိုင်းပဲ ညီမဘက်ကလည်း အပြည့်အ၀ ကြိုးစားသွားပါမယ်။ ရှေ့မှာလည်း အပြန်အလှန် လက်တွဲကြိုးစားခဲ့သလို နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ Organization ရဲ့ ပံ့ပိုးပေးမှုတွေ လိုအပ်သလို ညီမရဲ့ကြိုးစားအားထုတ်မှုလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် နားလည်မှုပြည့်ဝစွာနဲ့ လက်တွဲ ယှဉ်ပြိုင်သွားပါမယ်။

■ မေး - ပရဟိတအလုပ်တွေရော ဆက်လုပ်ဖြစ်သွားမလား။

ဖြေ - ညီမ အလှမယ်တစ်ယောက် မလုပ်ခင်ကတည်းက သူငယ်ချင်းတွေနဲ့အတူ တတ်နိုင်သလောက် ပရဟိတအလုပ်တွေ လုပ်ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ဆက်လုပ်ဖြစ်သွားမှာပါ။

■ မေး - ကချင်တိုင်းရင်းသူတစ်ယောက် အနေနဲ့ အခုလို ရွေးချယ်ခံရတဲ့အတွက် ကချင်တိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ဖြစ်သွားဖို့ရှိဦးမလဲ။

ဖြေ - ရှိပါတယ်။ ကချင်ဒေသကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး အခုလိုဆုရတဲ့အတွက် ကချင်တိုင်းရင်းသားတွေကလည်း ကျေနပ်ဂုဏ်ယူမယ်လို့ ယုံကြည်ပါတယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်ရှိရင် ပြောပေးပါဦး။

ဖြေ - ညီမကို ပြိုင်ပွဲတစ်လျှောက်လုံး အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာကိုယ်စားပြုပြိုင်တဲ့အခါမှာလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်ရှင်။

Most Read

Most Recent