တေးသံရှင် ဇော်ဝင်းထွဋ်၊ R ဇာနည်နှင့် ဝေလတို့ ပါဝင်မည့် ‘ဆေးပေါင်းခတဲ့ည’ ဂီတဖျော်ဖြေပွဲ တန်ဆောင်မုန်းလပြည့်နေ့တွင် ပြုလုပ်မည်

တေးသံရှင် ဇော်ဝင်းထွဋ်၊ R ဇာနည်နှင့် ဝေလတို့ ပါဝင်မည့် ‘ဆေးပေါင်းခတဲ့ည’ ဂီတဖျော်ဖြေပွဲ တန်ဆောင်မုန်းလပြည့်နေ့တွင် ပြုလုပ်မည်
Published 16 October 2017

ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့် တေးသံရှင်ဝေလ

တေးသံရှင် ဇော်ဝင်းထွဋ်၊ R ဇာနည်နှင့် ဝေလတို့ ပါဝင်မည့် ‘ဆေးပေါင်းခတဲ့ည’ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ ရက် (တန်ဆောင်မုန်းလပြည့်အကြိုည) တွင် ပြုလုပ်ရန် ပြောင်းရွှေ့စီစဉ်ထားသည်ဟုသိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park နေရာတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး တေးသံရှင်တစ်ဦးချင်း အနေဖြင့် အင်ပါယာတီးဝိုင်း၊ The Trees တီးဝိုင်းနှင့် Runner Music Band တို့ဖြင့် တီးခတ်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာ ၃ ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဉ်လုပ်နေကျအတိုင်းပဲ ကိုညီထွဋ်ရဲ့ ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် တခြားပွဲတွေလည်းရှိနေတဲ့အတွက် လပြည့်အကြိုည နိုဝင်ဘာ ၂ ရက်ကို ပြောင်းရွှေ့ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်မှာတော့ ကိုညီထွဋ်နဲ့အတူ R ဇာနည်နဲ့ ဝေလတို့လည်း ပါဝင်ပါမယ်။ တစ်ယောက်ချင်းနဲ့အတူ သူတို့ရဲ့တီးဝိုင်းတွေလည်း ပါဝင်တီးခတ်ကြမှာပါ။ ကိုညီထွဋ်လည်း အင်ပါယာနဲ့အတူ တေးသီချင်းများစွာနဲ့ သီဆိုဖျော်ဖြေမှာပါ။ အခုကတည်းကစပြီး ပြင်ဆင်နေပါပြီ။ ပွင့်လင်းရာသီကာလမှာတော့ တခြားရှိုးတွေလည်း ရှိပါဦးမယ်” ဟု အင်ပါယာတီးဝိုင်းမှ ကိုသန့်ဇော်က ဆိုသည်။

ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့် တေးသံရှင်ဝေလကလည်း “လတ်တလောမှာတော့ တစ်ကိုယ်တော်ခွေသစ်အတွက် အသံသွင်းနေပါတယ်။ မကြာခင်ကျွန်တော့်ရဲ့ဖန်တီးမှုအသစ်တွေကို ပရိသတ်တွေ ခံစားနိုင်စေဖို့ တင်ဆက်ပေးသွားပါမယ်။ ပွင့်လင်းရာသီမှာတော့ ရှိုးတွေ လက်ခံထားပါတယ်။ နယ်ရှိုးတွေရော၊ ရန်ကုန်ရှိုးတွေပါ လက်ခံထားတယ်။ တန်ဆောင်မုန်းလပြည့် အကြိုညမှာ ပြုလုပ်မယ့် ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲမှာလည်း ဆိုဖို့ရှိပါတယ်။ အဲဒီပွဲအတွက်လည်း အခုကတည်းက ပြင်ဆင်တာတွေ လုပ်နေပါတယ်။ တခြားရှိုးတွေလည်း ဆိုဖြစ်မှာပါ” ဟု ဆိုသည်။

ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲမှာ တန်ဆောင်မုန်းလပြည့်နေ့တိုင်းတွင် အင်ပါယာတီးဝိုင်းနှင့် တေးသံရှင် ဇော်ဝင်းထွဋ်တို့ ပြုလုပ်မြဲဖြစ်သည့် ဂီတဖျော်ဖြေပွဲတစ်ပွဲဖြစ်ပြီး ယခုနှစ်တွင်လည်း အစဉ်အလာမပြတ် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များ စတင်ရောင်းချလျက်ရှိပြီး ဈေးနှုန်းများအား ကျပ်ငါးသောင်း၊ လေးသောင်း၊ သုံးသောင်း၊ နှစ်သောင်းနှင့် မတ်တတ်ရပ်လက်မှတ်များအား ကျပ်တစ်သောင်းဟု သတ်မှတ်ထားကြောင်း သိရသည်။

ပွင့်လင်းရာသီကာလ၌ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားရာတွင် ယခုဖျော်ဖြေပွဲသည်လည်း တစ်ပွဲအပါအဝင်ဖြစ်ကာ နိုဝင်ဘာလအတွင်း ဖျော်ဖြေပွဲအများအပြား ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ စီစဉ်ထားသည့် ဂီတဖျော်ဖြေပွဲများတွင် ထင်ရှားသည့် အနုပညာရှင်များ၏ အုပ်စုလိုက်ဖျော်ဖြေပွဲများ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent