ပက်ကီယောင်းကို အနိုင်ရခဲ့သည့် ဂျက်ဖ်ဟွန်း သြစတြေးလျ၏ အားကစားထူးချွန်ဆု ချီးမြှင့်ခံရ

ပက်ကီယောင်းကို အနိုင်ရခဲ့သည့် ဂျက်ဖ်ဟွန်း သြစတြေးလျ၏ အားကစားထူးချွန်ဆု ချီးမြှင့်ခံရ
Published 16 October 2017

ဂျက်ဖ်ဟွန်းအား WBO ဝယ်လ်တာဝိတ် ချန်ပီယံခါးပတ်နှင့် တွေ့ရစဉ် (Photo: AFP)

နာမည်ကြီး ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းကို အနိုင်ယူပြီး WBO ဝယ်လ်တာဝိတ်တန်း ချန်ပီယံခါးပတ် ရရှိထားသည့် သြစတြေးလျ လက်ဝှေ့သမား ဂျက်ဖ်ဟွန်းသည် ၂၀၁၇ ခုနှစ်အတွက် သြစတြေးလျနိုင်ငံ၏ အားကစားဆိုင်ရာထူးချွန်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဂျက်ဖ်ဟွန်း (၂၉ နှစ်) သည် ဇူလိုင် ၂ ရက်က သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့၌ ကျင်းပသည့် ချန်ပီယံစိန်ခေါ်ပွဲတွင် ဒိုင်သုံးဦးစလုံး၏ အဆုံးအဖြတ်ဖြင့် ပက်ကီယောင်းကို အနိုင်ရပြီး ချန်ပီယံခါးပတ် လွှဲပြောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် အောက်တိုဘာ ၁၂ ရက်က ကျင်းပသည့် တစ်နှစ်တာ ထူးချွန်ဆုပေးပွဲတွင် အမြင့်ဆုံးထူးချွန်ဆုတစ်ခုဖြစ်သည့် “The Don” ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဆုကို ဂျေဆင်ဒေး၊ အဒမ်စကော့ (ဂေါ့ဖ်)၊ အီယန်သော့ (ရေကူး) စသည့် နာမည်ကြီးကစားသမားများနှင့် သြစတြေးလျ လက်ရွေးစင်ဘောလုံးအသင်းတို့လည်း ရရှိခဲ့ဖူးကြောင်း သိရသည်။ ဂျက်ဖ်ဟွန်းသည် ပရော်ဖက်ရှင်နယ်ဘဝတစ်လျှောက် ၁၈ ပွဲ ထိုးသတ်ဖူးရာ ရှုံးပွဲမရှိဘဲ ၁၇ ပွဲနိုင် (အလဲထိုးပွဲ ၁၁ ပွဲပါဝင်) တစ်ပွဲသရေကျထားသည်။ ၎င်းသည် ပက်ကီယောင်းနှင့်မကျေပွဲ ထိုးသတ်ရန် စီစဉ်ထားသော်လည်း ယခုနှစ်အတွင်း အဆင်မပြေသဖြင့် ဒီဇင်ဘာတွင် ဗြိတိန်လက်ဝှေ့သမား ကော်ကိုရန်နှင့် ထိုးသတ်ဖြစ်ဖွယ် ရှိနေသည်။

Most Read

Most Recent