ရုပ်ရှင်ရုံသုံးရုံနှင့် ထိုင်ခုံအရေအတွက် ၆၀၀ ကျော် ပါဝင်မည့် JCGV City Mall (St.John) ကို သြဂုတ် ၄ ရက်တွင် စတင်ဖွင့်လှစ်ပြသမည်

ရုပ်ရှင်ရုံသုံးရုံနှင့် ထိုင်ခုံအရေအတွက် ၆၀၀ ကျော် ပါဝင်မည့် JCGV City Mall (St.John) ကို သြဂုတ် ၄ ရက်တွင် စတင်ဖွင့်လှစ်ပြသမည်
Published 31 July 2017

မကြာမီက ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် Junction City ရှိ JCGV Cineplex ရုပ်ရှင်ရုံ

ရုပ်ရှင်ရုံသုံးခုံနှင့် ထိုင်ခုံအရေအတွက် ၆၀၀ ကျော် ပါဝင်မည့် JCGV City Mall (St.John) ကို သြဂုတ် ၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ရုံတွင် ကြည်လင်ပြတ်သားသည့် Sound System၊ နောက်ဆုံးပေါ် Digital Projector များ၊ 3D System များဖြင့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

“CGV Cineplex အနေနဲ့ ၂၀၁၄ ခုနှစ်ကစပြီး CGV (South Korea Head Office) နဲ့ Junction Cineplex တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ ရုပ်ရှင်ရုံတွေ တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာနေရာ ၇ ခုမှာ ရုပ်ရှင်ရုံတွေ ဖွင့်လှစ်ထားပြီး ထပ်မံဖွင့်လှစ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ အခုလတ်တလော ထပ်မံဖွင့်လှစ်သွားမယ့် ရုပ်ရှင်ရုံကတော့ JCGV City Mall (St.John) ရုပ်ရှင်ရုံဖြစ်ပါတယ်။ ရုပ်ရှင်ရုံသုံးရုံ ပါဝင်မှာဖြစ်ပြီး ထိုင်ခုံအရေအတွက် ၆၀၀ ကျော် ပါဝင်သလို ကောင်းမွန်ပြတ်သားတဲ့ အသံစနစ်၊ ပိတ်ကားနဲ့ 3D စနစ်တွေ ပါဝင်ပါတယ်။ သြဂုတ်လ ၄ ရက်မှာ စတင်ဖွင့်လှစ် ပြသသွားပါမယ်” ဟု JCGV Cineplex မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အသစ်ထပ်မံဖွင့်လှစ်သွားမည့် JCGV City Mall (St.John) သည် မင်းရဲကျော်စွာလမ်းနှင့် စိန့်ဂျွန်လမ်းထောင့်တွင် တည်ရှိပြီး City Mall Shopping Center ၏ တတိယထပ်တွင် တည်ရှိကြောင်း သိရသည်။ ရုပ်ရှင်ရုံသုံးရုံ ပါဝင်မည်ဖြစ်ကာ မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများအား ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရုပ်ရှင်ရုံများတွင် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ တစ်နေ့လျှင် ပွဲချိန်လေးပွဲ၊ စနေနေ့၊ အစိုးရရုံးပိတ်ရက်နှင့် အစိုးရရုံး ပိတ်ရက်မတိုင်ခင်ရက်များတွင် တစ်နေ့လျှင် ပွဲစဉ်ငါးပွဲပြသမည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများအား 2D Movie များတွင် ကျပ် ၁၅၀၀၊ ၂၅၀၀၊ ၃၅၀၀၊ ၄၀၀၀ နှင့် ၁၀၀၀၀၊ 3D Movie များတွင် ကျပ် ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀၊ ၄၅၀၀၊ ၁၂၀၀၀ ဟု အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ ရုပ်ရှင်ရုံသစ် ဖွင့်လှစ်ခြင်းအား သြဂုတ် ၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဇာတ်ကားသစ်များအား စတင်ပြသသွားရန် စီစဉ်ထားသည်ဟု သိရသည်။

JCGV Cineplex များအနေဖြင့် ရန်ကုန်မြို့တွင် Juction Square၊ Junction Maw Tin၊ Junction City တို့ကို ဖွင့်လှစ်ထားပြီးဖြစ်ကာ နေပြည်တော်၊ မန္တလေးနှင့် မော်လမြိုင်တို့တွင်လည်း ရုပ်ရှင်ရုံများ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

JCGV ရုပ်ရှင်ရုံများအား အခြားမြို့ကြီးများတွင်လည်း ထပ်မံတည်ဆောက်ဖွင့်လှစ်ရန် စီစဉ်ထားကာ စုစုပေါင်း ရုပ်ရှင်ရုံ ၂၀ ဝန်းကျင်ခန့် တည်ဆောက်ရန် စီစဉ်ထားသည်ဟု သိရသည်။ ရုပ်ရှင်ရုံအုပ်စုကြီးများ အနေဖြင့် ယခုနှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ရုပ်ရှင်ရုံကြီးများအား အပြိုင်အဆိုင် တည်ဆောက်ဖွင့်လှစ် ပြသနိုင်ရန် စီစဉ်လျက်ရှိပြီး အသစ်ထပ်မံဖွင့်လှစ်ပြသနိုင်သည့် ရုပ်ရှင်ရုံအရေအတွက်လည်း များပြားလာခဲ့ကြောင်း သိရသည်။ မင်္ဂလာရုပ်ရှင်ရုံအုပ်စု၊ JCGV Cineplex၊ Mega Ace Cineplex၊ Paradiso Cinema ရုံအုပ်စုများ အနေဖြင့် ရုပ်ရှင်ရုံသစ်များ ဖွင့်လှစ်ပြသနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ လင်းလင်းခိုင်

Most Read

Most Recent