အက်ရှင်မင်းသမီးတစ်ဦးအဖြစ်သာမက နော်ပဲလှော်ဇာတ်ရုပ်ဖြင့်ပါ ပရိသတ်ချစ်ခင်အားပေးမှု အခိုင်အမာရရှိလာသူ သရုပ်ဆောင်ယဉ်လတ်၏ ငယ်ဘဝဖြတ်သန်းရာ

အက်ရှင်မင်းသမီးတစ်ဦးအဖြစ်သာမက နော်ပဲလှော်ဇာတ်ရုပ်ဖြင့်ပါ ပရိသတ်ချစ်ခင်အားပေးမှု အခိုင်အမာရရှိလာသူ သရုပ်ဆောင်ယဉ်လတ်၏ ငယ်ဘဝဖြတ်သန်းရာ
Published 12 October 2017

 

မကြာမီကကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ရက်သတ္တပတ်မှာ ပါဝင်ပြသခဲ့တဲ့ 'သရာစောထိ' ရုပ်ရှင်ဇာတ်ကားကို မှတ်မိနေကြဦးမယ် ထင်ပါတယ်။ ဒီ ဇာတ်ကားကိုပရိသတ်အားပေးနှစ်သက်မှု များပြားခဲ့သလို ဇာတ်ကားထဲက ပညာသင် ကြားလိုစိတ်များပြားသူ တိုင်းရင်းသူလေး နော်ပဲလှော်အဖြစ်ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ယဉ်လတ်ကိုလည်း ချစ်ခင် အားပေးခဲ့ကြပါတယ်။

သရုပ်ဆောင်ယဉ်လတ်က တိုက်ကွမ်ဒို အားကစားထူးချွန်သူ မိန်းကလေးတစ်ဦး ဖြစ်သလို အက်ရှင်ဇာတ်ကားများစွာနဲ့ ပရိသတ် အသိအမှတ်ပြု လက်ခံမှုရရှိထားသူ တစ်ဦးလည်းဖြစ်သူပါ။ အက်ရှင်ဇာတ်ကားများစွာနဲ့ မတူကွဲပြားတဲ့ သဘာဝကျတဲ့ဟန်ပန်၊ ချစ်စဖွယ်အပြုံးလေးတွေနဲ့ နော်ပဲလှော်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ယဉ်လတ်အတွက် 'သရာစောထိ' ဇာတ်ကားက အချိုးအကွေ့တစ်ခုဖြစ်စေခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ အခုတစ်ပတ်မှာတော့ ချစ်စဖွယ် အပြုံးချိုချိုလေးတွေ ပိုင်ဆိုင်ထားသလို ပွင့်လင်းတဲ့စကားပြောဟန်လေးတွေနဲ့  သရုပ်ဆောင်ယဉ်လတ်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ပုံရိပ်တွေကို တင်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင် ယဉ်လတ်ကိုမိဘများ ဖြစ်ကြတဲ့ ဦးသန်းအောင်နဲ့ ဒေါ်လှလှဆွေတို့က မတ် ၁၂ ရက် ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ညီမ တစ်ယောက်ရှိတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက ပန်းချီဆွဲရတာ ဝါသနာပါတယ်လို့လည်း ဆိုပါတယ်။

ငယ်စဉ်ဘဝရဲ့အမှတ်တရတစ်ခုအနေ နဲ့ “ငယ်ငယ်က ပန်းချီဆွဲ အရမ်းဝါသနာပါတယ်။ ခဲတံ ကိုင်တတ်ခါစအရွယ်မှာ တစ်ယောက်တည်း ပုံဆွဲနေရင်းက ထငိုလို့ဖေဖေတို့က မေးတော့ သမီးနန္ဒာလှိုင်ပုံဆွဲတာ မိုးဒီပုံကြီး ဖြစ်သွားလို့ဆိုပြီး ဖြေတယ်တဲ့။ ယဉ် လတ်ဆွဲထားတာက ဝလုံးပုံစံကြီးပေါ့နော်။ အဲဒါလေးကတော့ ရယ်စရာ အမှတ်တရလေးပါ” လို့ယဉ်လတ်က ပြောပြခဲ့ပါတယ်။

ငယ်စဉ်မှာ လူအရမ်းကြောက်တတ်သလို ခဲတံနဲ့ပုံဆွဲနေတာများသလို စကားလည်း အရမ်းနည်းတယ်လို့ ဆိုခဲ့ပါတယ်။ အခုချိန်ထိတောင် လူကြောက်တတ်တဲ့ စိတ်က ရှိနေပါသေးတယ်လို့ ယဉ်လတ်က ပြောပြခဲ့ပါတယ်။ အနုပညာဝါသနာပါသူ ယဉ်လတ်က ငယ်စဉ်ကလေးဘဝမှာ ကြော်ငြာတွေ အရမ်းကြိုက်သလို ထမင်းခွံ့တဲ့အချိန်တိုင်း ကြော်ငြာတွေစုထည့်ထားတဲ့ အခွေကိုပြပြီးခွံ့ရတယ်လို့လည်း ရယ်မောရင်းပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ယဉ်လတ်က ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ တတိယတန်းအထိကို အ.မ.က(၁၈) တာမွေမှာ တက်ခဲ့သလို စတုတ္ထတန်းမှာ အ.မ.က (၆)ကျောက်တံတားကို ပြောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ပဉ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က(၁) ကျောက်တံတားမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ပန်းချီဝါသနာပါသူတစ်ယောက် ဖြစ်သူပီပီ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပန်းချီမေဂျာကို တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ပညာသင်ကြားနေဆဲ ကာလမှာပဲ အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိခဲ့တဲ့အတွက် ကျောင်းတက်ချိန် မပြည့်မီတာကြောင့် အဝေးသင် အင်္ဂလိပ်စာကို ပြောင်းရွှေ့တက်ရောက် ခဲ့ရတယ်လို့ဆိုပါတယ်။

ယဉ်လတ်က ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ လမ်းညွှန်မှုနဲ့ အတူ သင်တန်းများစွာကို တက်ရောက်ခဲ့ရပါတယ်။ ရေကူး၊ တိုက်ကွမ်ဒို၊ မြင်းစီး အားကစားနည်းတွေအပြင် မိဘများက ဗီဒီယိုဖြန့်ချိရေး လုပ်ကိုင်တာကြောင့် ဗီဒီယိုဇာတ်ကား တည်းဖြတ်တဲ့လုပ်ငန်းတွေကိုလည်း ကလေးဘဝကတည်းက လေ့လာစေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တိုက်ကွမ်ဒိုအားကစားကို တိုင်းနဲ့ ပြည်နယ်အဆင့်ဆင့် ယှဉ်ပြိုင်ရာမှာ အဖွဲ့လိုက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သလို တစ်ဦးချင်း အနေနဲ့လည်း ဆုတွေရရှိခဲ့ဖူးပါတယ်လို့ပြော ပြခဲ့ပါတယ်။

သရုပ်ဆောင်ယဉ်လတ်ရဲ့အနုပညာ ခြေလှမ်းအစအနေနဲ့ တတ်မြောက်ထားတဲ့ တိုက်ကွမ်ဒိုအားကစားနည်းကို အခြေခံပြီး အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေစင်ဦးဗီဒီယိုထုတ်လုပ်ရေးနဲ့ မျက်ခြယ်ဗီဒီယိုထုတ်လုပ်ရေးတွေနဲ့ လက်တွဲပြီး ဇာတ်ကားတွေရိုက်ကူးခဲ့ရာမှာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာလည်း ကြုံတွေ့ခဲ့ရဖူးတယ်လို့ ယဉ်လတ်ကဆိုခဲ့ပါတယ်။

အက်ရှင်ဇာတ်ကားတွေမှာပါဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ သရုပ်ဆောင်ယဉ်လတ်က “အခက်အခဲတွေရော၊ စိန်ခေါ်မှုတွေပါ အများကြီးပါပဲ။ တစ်ခါတလေ ဇာတ်ကားရိုက်ရင်း သေမယ်လို့ထင်ရတဲ့ အခြေအနေမျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်။ ဒဏ်ရာတွေလည်း ခဏခဏရတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက ပရိသတ်တွေအတွက် အနုပညာဖန်တီးမှုလို့ပဲ အမြဲတမ်းခံယူပြီး ဖြတ်သန်းခဲ့တယ်။ ယဉ်လတ်က စိတ်ပျော့တဲ့အတွက် ကိုယ့်ကိုယ်တစ်ခုခု မကောင်းပြောလိုက်ရင် အရမ်းခံစားလွယ်တယ်။ အဲဒီလိုအခြေ

အနေမျိုးတွေကို ကျော်ဖြတ်နိုင်ဖို့ မေမေက တရားထိုင်ခိုင်းတယ်။ ဘာသာတရားကို ပိုလုပ်ခိုင်းသလို မိဘနှစ်ပါးစလုံးက စိတ်ဓာတ်ခွန်အားတွေပေးတဲ့အတွက် ရင်ဆိုင်နိုင်တဲ့ သတ္တိတွေရလာတယ်လို့ ပြောလို့ရပါတယ်”လို့ဆိုခဲ့ပါတယ်။

အက်ရှင် ဇာတ်ကားတွေနဲ့ ပရိသတ်လက်ခံအားပေးမှု ရရှိထားတဲ့ ယဉ်လတ်အတွက် နောက်ထပ် အချိုးအကွေ့တစ်ခု အနေနဲ့ 'သရာစောထိ' ဇာတ်ကားမှာ နော်ပဲလှော် ဇာတ်ရုပ်ကို ပါဝင်စေခဲ့ပါတယ်။ ရိုးရှင်းတဲ့ တိုင်းရင်းသူတစ်ယောက်အနေနဲ့ ပါဝင်ခဲ့သလို ချစ်စဖွယ်အပြုံးပိုင်ရှင်လေး တစ်ဦးအနေနဲ့ ပရိသတ်ချစ်ခင်သတိထားမှုကို အများကြီး ရရှိခဲ့ပါတယ်။ 'သရာစောထိ' ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တဲ့အပြင် ဒီဇာတ်ကားရဲ့နောက်ဆက်တွဲ အနေနဲ့ နော်ပဲလှော်ဇာတ်ရုပ်ရဲ့နောက်ဆက်တွဲကို ဆက်လက် ရိုက်ကူးသွားဖို့လည်းပြင်ဆင်နေပါတယ်။

နော်ပဲလှော် ဇာတ်ရုပ်ရဲ့နောက်ဆက်တွဲနဲ့ပတ်သက်ပြီး ပြင်ဆင်နေတဲ့အပိုင်းတွေကိုတော့ “ယဉ်လတ်အတွက် နော်ပဲလှော်ဇာတ်ရုပ်လေးက အချိုးအကွေ့တစ်ခုလို့ ပြောလို့ရပါတယ်။ ယဉ်လတ်ကို ယုံယုံကြည်ကြည်နဲ့ ပါဝင်စေခဲ့သူတွေအားလုံးကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကြောင့်လည်း အခုလို ရပ်တည်နိုင်ခဲ့တာပါ။ ဒီဇာတ်ကားလေးရဲ့ နောက်ဆက်တွဲကိုထပ်ရိုက်မယ်ဆိုတော့ အရမ်းတာဝန်ကြီးပါတယ်။ ဇာတ်လမ်းရေး နေပြီပေါ့နော်။ အခုတစ်ခေါက်ရိုက်မှာက နိုင်ငံခြားမှာ သွားရိုက်မှာတွေလည်းပါတယ် ဆိုတော့ ဘာသာစကားလေ့လာဖို့တွေလည်း လိုအပ်တယ်။ အများကြီးပဲပြင်ဆင်သွားမှာပါ”လို့ ယဉ်လတ်က ဆိုခဲ့ပါတယ်။

သရုပ်ဆောင်ယဉ်လတ်က လတ်တလောမှာပဲ စွန့်စားခန်းအက်ရှင်တွေပါဝင်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထားသလို ဇာတ်ရုပ်အစုံမှာလည်း အခွင့်အရေးရမယ်ဆိုရင် သရုပ်ဆောင်သွားချင်ပါတယ် လို့ဆိုခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုထားတဲ့ ရွှေစင်ဦးနဲ့ မျက်ခြယ် ထုတ်လုပ်ရေးတွေနဲ့ ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးမှာဖြစ်သလို ပြင်ပ ထုတ်လုပ်ရေးတွေ ကမ်းလှမ်းခဲ့ရင်လည်း လက်ခံ ရိုက်ကူးဖြစ်မှာပါလို့ ပြောပြခဲ့ပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုတော့ သရုပ်ဆောင်ယဉ်လတ်က အားပေးမှုအတွက် ကျေးဇူးတင်ရသလို အားပေးမှုနဲ့ထိုက်တန်အောင် အများကြီး ကြိုးစားသွားမှာပါလို့လည်း ဆိုခဲ့ပါသေးတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်လက်ခံအားပေးမှု ရရှိထားသလို ချစ်စရာတိုင်းရင်းသူ ဇာတ်ရုပ်လေးနဲ့လည်း ပရိသတ်ချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင်ယဉ်လတ်ရဲ့ငယ်စဉ်ဘဝက အမှတ်တရပုံရိပ်တွေဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ ငယ်စဉ်ကလေးဘဝပုံရိပ်တွေက တစ်ဆင့် ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရ ပုံရိပ်တွေကို တွေ့မြင်နိုင်မှာဖြစ်သလို ရည်ရွယ်ရာလမ်းဆီ လျှောက်လှမ်းရတဲ့အခါ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုများကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Most Read

Most Recent