Girls's Generation အဖွဲ့ဝင် တစ်ဖနီ၊ ဆိုးယန်းနှင့် ဆိုးဟွန်းတို့ S.M Entertainment မှ နုတ်ထွက်မည်

Girls's Generation အဖွဲ့ဝင် တစ်ဖနီ၊ ဆိုးယန်းနှင့် ဆိုးဟွန်းတို့ S.M Entertainment မှ နုတ်ထွက်မည်
Published 11 October 2017

ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Girls' Generation ၏ အဖွဲ့ဝင်များဖြစ်သည့် တစ်ဖနီ၊ ဆိုးယန်းနှင့် ဆိုးဟွန်းတို့သည် S.M. Entertainment မှ နုတ်ထွက်တော့မည်ဟု ဂီတအသိုင်းအဝန်းမှ သတင်းရင်းမြစ်များက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အဖွဲ့ဝင်သုံးဦး နုတ်ထွက်နိုင်ခြေရှိမှုနှင့် အတူ Girls' Generation အဖွဲ့သည် ဂီတလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ခြေ ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“အဖွဲ့ဝင်သုံးဦးက အေဂျင်စီနဲ့ စာချုပ်ချုပ်ထားတာကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ယင်းအကြောင်းအရာနှင့် အကျွမ်းတဝင်ရှိသော သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ Girls' Generation အဖွဲ့၏ ဂီတသက်တမ်း ၁၀ နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီးနောက် နှစ်လအကြာတွင် အဖွဲ့ ဝင်သုံးဦးက စာချုပ်သက်တမ်း ထပ်မတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယွန်ဟပ်သတင်းဌာနတွင် ဖော်ပြချက်အရ တစ်ဖနီ၊ ဆိုးယန်း၊ ဆိုးဟွန်းတို့သည် တစ်ကိုယ်တော်အနုပညာ အလုပ်များလုပ်ဆောင်ရန် SM မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဆိုးယန်းနှင့်  ဆိုးဟွန်းသည် သရုပ်ဆောင်အလုပ်များကို အာရုံစိုက်လုပ်ဆောင်မည်ဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် မွေးဖွားကြီးပြင်းခဲ့သည့် တစ်ဖနီသည်  အမေရိကန်တွင် ပညာရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ တေးယွန်၊ ယူရီ၊ ဆန်နီ၊ ယိုးနနှင့် ယိုယွန်းတို့သည် အေဂျင်စီနှင့် စာချုပ်သက်တမ်း ထပ်တိုးခဲ့သည်ဟု သိရသည်။

“Girls' Generation အဖွဲ့ဟာ SM နဲ့ ပရိသတ်တွေအတွက် အရေးပါပြီး အဓိပ္ပာယ်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အဖွဲ့ဝင်တွေက အဖွဲ့ ဖျက်သိမ်းဖို့ လုံးဝမစဉ်းစားထားပါဘူး” ဟု SM ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ အဖွဲ့ဝင်သုံးဦးက စာချုပ်သက်တမ်း ထပ်မတိုးရန် ဆုံးဖြတ်ခဲ့ပြီးနောက် Girls' Generation ၏ အနာဂတ်ရည်မှန်းချက်ကို အဖွဲ့ဝင်များနှင့်ဆွေးနွေးပြီး သေချာသည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားမည်ဟု SM ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည့် Girls' Generation အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် အောင်မြင်မှုရရှိခဲ့သည်။  ၂၀၁၄ ခုနှစ်တွင် အဖွဲ့မှဂျက်စီကာ နုတ်ထွက်ခဲ့ပြီးနောက် ကျန်ရှိသည့်အဖွဲ့ဝင် ရှစ်ဦးဖြင့် အနုပညာအလုပ်များ ဆက်လက်လုပ်ကိုင်ခဲ့ပြီး ယခုနှစ် သြဂုတ်တွင် ဆဋ္ဌမမြောက် အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။

Most Read

Most Recent