မက္ကဆီကိုနိုင်ငံတွင်ပြုလုပ်ပြီး နိုင်ငံပေါင်း ၈၀ ကျော် ပါဝင်သည့် နိုင်ငံတကာ ရေဆေးပန်းချီပြပွဲ၌ မြန်မာပန်းချီဆရာ မြင့်နိုင်၏ ရေဆေးပန်းချီကားမှာ ပထမဆု ရရှိ

မက္ကဆီကိုနိုင်ငံတွင်ပြုလုပ်ပြီး နိုင်ငံပေါင်း ၈၀ ကျော် ပါဝင်သည့် နိုင်ငံတကာ ရေဆေးပန်းချီပြပွဲ၌ မြန်မာပန်းချီဆရာ မြင့်နိုင်၏ ရေဆေးပန်းချီကားမှာ ပထမဆု ရရှိ
Published 10 October 2017

 

ပထမဆုရရှိခဲ့သည့် ပန်းချီမြင့်နိုင်၏ ရေဆေးပန်းချီကားအား တွေ့ရစဉ်

မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်ပြီး နိုင်ငံပေါင်း ၈၀ ကျော် ပါဝင်သည့် နိုင်ငံတကာရေဆေးပန်းချီပြပွဲတွင် မြန်မာပန်းချီဆရာ မြင့်နိုင်၏ ရေဆေးပန်းချီကားမှာ ပထမဆု ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပန်းချီပြပွဲကို အောက်တိုဘာ ၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲကို နိုင်ငံတကာရေဆေး ပန်းချီအဖွဲ့ (IWS) ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် IWS Mexico မှ ပြုလုပ်ခြင်းဖြစ်ကာ IWS ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ပန်းချီမင်းဝေအောင်၊ ပန်းချီခင်မောင်ဇော်၊ ပန်းချီမြင့်နိုင်နှင့် ပန်းချီအောင် ထက်လွင်တို့၏ ပန်းချီကားများ ပေးပို့ပြသထားကြောင်း သိရသည်။ ယင်းသို့ IWS အဖွဲ့ ဝင်နိုင်ငံပေါင်း ၈၀ ကျော်မှ ပန်းချီဆရာ အသီးသီးပေးပို့ထားသည့် ပန်းချီကားများအနက်မှ ဆုအဖြစ် ရွေးချယ်ချီးမြှင့်ရာတွင် မြန်မာနိုင်ငံမှ ပန်းချီမြင့်နိုင်က ပထမ၊ ဘင်္ဂ လားဒေ့ရှ်မှ Shahanor Mamun မှ ဒုတိယ နှင့် တရုတ်နိုင်ငံမှ Liu Xide က တတိယဆုများ အသီးသီးရရှိခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော် ဒီပွဲမှာပြခဲ့တဲ့ပန်းချီကားက ၂၀၁၆ ခုနှစ် ကမ္ဘောဒီးယားရောက်တုန်းက ကမ္ဘောဒီးယားရဲ့ ညရှုခင်းမြင်ကွင်းကို ရေးဆွဲထားတဲ့ ပန်းချီကားဖြစ်ပါတယ်။ ကျွန်တော်တို့ အနုပညာသမားတွေဆိုတာတော့ ပန်းချီကားကို ခံစားချက်အတိုင်း ဆွဲလိုက်တာပဲ။ ဆုရဖို့အတွက် ဆုကိုရည်ရွယ်ပြီး ဆွဲတာတော့လည်း မဟုတ်ပါဘူး။ နိုင်ငံတကာအဆင့်ပြပွဲမှာ အခုလိုဆုရတယ်ဆိုတော့လည်း ဝမ်းသာရပါတယ်” ဟု ပန်းချီမြင့်နိုင်က ဆိုသည်။

IWS Mexico မှ ပေးအပ်ချီးမြှင့်သည့် ပထမဆုကိုရရှိခဲ့သည့် ပန်းချီမြင့်နိုင်၏ ပန်းချီကားမှာ Siem Riep Night အမည်ရ ပန်းချီကားဖြစ်ကာ ဆုကြေးငွေ ဒေါ်လာ ၁၀၀၀ ခန့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ပန်းချီ မြင့်နိုင်သည် ပြီးခဲ့သည့်မတ်လအတွင်းကလည်း အယ်လ်ဘေးနီးယားနိုင်ငံ၌ပြုလုပ်ခဲ့သည့် ရေဆေးပန်းချီပြပွဲတွင် Coffee Shop in Siem Riep ပန်းချီကားဖြင့် လက်ရာအကောင်းဆုံး ပန်းချီကား ၁၀ ကား စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံရှိ IWS India မှ ရွေးချယ်ပေးအပ်သည့်ဆုကို ယင်း ပန်းချီကားဖြင့်ပင် ရရှိခဲ့သည်။

Most Read

Most Recent