လပ်စ်ဗီးဂတ် ပစ်ခတ်မှုဖြစ်ပြီးနောက် ဂျေဆန်အယ်လ်ဒီယန်နှင့် ဂျနီဖာလိုပက်ဇ်တို့က ဖျော်ဖြေပွဲများ ဖျက်သိမ်း

လပ်စ်ဗီးဂတ် ပစ်ခတ်မှုဖြစ်ပြီးနောက် ဂျေဆန်အယ်လ်ဒီယန်နှင့် ဂျနီဖာလိုပက်ဇ်တို့က ဖျော်ဖြေပွဲများ ဖျက်သိမ်း
Published 5 October 2017

 

လပ်စ်ဗီးဂတ်ဂီတပွဲတော်တွင် ကန်းထရီးအဆိုတော် ဂျေဆန်အယ်လ်ဒီယန် ဖျော်ဖြေနေစဉ် သေနတ်သမားက လူအုပ်ကြီးကို တရစပ်ပစ်ခတ်ခဲ့မှုကြောင့် အမေရိကန်ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ခဲ့ပြီးနောက် ယခုသီတင်းပတ်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲသုံးခုကို ဖျက်သိမ်းလိုက်သည်ဟု ၎င်းက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

အယ်လ်ဒီယန်က They Don't Know Tour ဖျော်ဖြေပွဲခရီးစဉ်အဖြစ် လော့စ်အိန်ဂျလိစ်၊ ဆန်ဒီယာဂိုနှင့် အန်နာဟင်တို့တွင် ပြုလုပ်မည့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့သည်။ ယင်းဖျော်ဖြေပွဲခရီးစဉ်ကို အောက်တိုဘာ ၁၂ ရက်တွင် အိုကလားဟိုးမားပြည်နယ်၊ တူဆာမြို့တွင် ပြန်လည်စတင်မည်ဖြစ်သည်။ “သေဆုံး ဒဏ်ရာရခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ ကျွန်တော်ပရိသတ်တွေကို ကျွန်တော်အလေးထားပါတယ်။ အခုချိန်မှာ ဒီလိုလုပ်လိုက်တာ မှန်ကန်ပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့သူတွေအားလုံးအတွက် စိတ်ထိခိုက်နေတဲ့အချိန်လည်းဖြစ်တယ်။ ဒါကြောင့် အသက်သေဆုံးခဲ့တဲ့သူတွေအတွက် ဝမ်းနည်းပူဆွေးဖို့၊ အချိန်ယူဖို့ စီစဉ်ခဲ့တယ်” ဟု အယ်လ်ဒီယန်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁ တွင် Route 91 Harvest ကန်းထရီးဂီတပွဲတော်၌ အယ်လ်ဒီယန်ဖျော်ဖြေနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အလားတူပင် လပ်စ်ဗီးဂတ်ရှိ Planet Hollywood ၌ Jennifer Lopez: All I Have  ဖျော်ဖြေပွဲပြုလုပ်နေသည့် ဂျနီဖာလိုပက်ဇ်ကလည်း ယခုသီတင်းပတ်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့သည်။ “ဒီလိုမျိုး ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်ကြောင့် ဂျနီဖာက စိတ်မကောင်းဖြစ်နေတယ်။ သူ့ရဲ့သဘောထားတွေနဲ့ ဆုတောင်းတွေက သေဆုံးဒဏ်ရာရခဲ့တဲ့သူတွေ၊ သူတို့ရဲ့ကျန်ရစ်တဲ့မိသားစုတွေနဲ့ ထပ်တူပါပဲ” ဟု ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အသက် ၄၈ နှစ်အရွယ်ရှိ လိုပက်ဇ်က လပ်စ်ဗီးဂတ်ဖျော်ဖြေပွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီက စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲများကို ယခုသီတင်းပတ်အကုန်တွင် ပြန်လည်စတင်မည်၊ မစတင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဝါနာဘရားသားစ်ကုမ္ပဏီကလည်း Blade Runner 2049 ဇာတ်ကားအတွက် မိတ်ဆက်ပြသရန် စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်။

Most Read

Most Recent