ယုံကြည်ရာဂီတ ခရီးလမ်းဆီ ခိုင်မြဲသော ခြေလှမ်းများဖြင့် ဆက်လက်လျှောက်လှမ်းနေကာ အချစ်ရေးဖြင့် ပရိသတ်စိတ်ဝင်စားမှု များပြားနေသူလူငယ်တေးသံရှင် G - Fatt ၏ ငယ်ဘဝဖြတ်သန်းရာ

ယုံကြည်ရာဂီတ ခရီးလမ်းဆီ ခိုင်မြဲသော ခြေလှမ်းများဖြင့် ဆက်လက်လျှောက်လှမ်းနေကာ အချစ်ရေးဖြင့် ပရိသတ်စိတ်ဝင်စားမှု များပြားနေသူလူငယ်တေးသံရှင် G - Fatt ၏ ငယ်ဘဝဖြတ်သန်းရာ
Published 5 October 2017

လူငယ်တိုင်းရဲ့ ငယ်စဉ်ဘဝမှာ စိတ်ကူးအိပ်မက်ကိုယ်စီ ရှိနေကြမှာပါ။ ကလေးဘဝကတည်းက အိပ်မက်နဲ့ မျှော်လင့်ချက်တွေကို လွယ်ပိုးထားရင်းက ယုံကြည်ရာခရီးလမ်းကို တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သူ လူငယ်အနုပညာရှင် တစ်ဦးရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုပုံရိပ်တွေကို ဒီတစ်ပတ်မှာတော့ ဖော်ပြပေးချင်ပါတယ်။ သူကတော့ ဆယ်ကျော်သက်ပရိသတ်တွေကြားမှာ အောင်မြင်မှု အခိုင်အမာရရှိထားပြီး ရှိုးပွဲတိုင်းမှာမပါ မဖြစ်လို့ဆိုလာရတဲ့ လူငယ်ဟစ်ဟော့ပ် အဆိုတော် G - Fatt ပါပဲ။

အဆိုတော် G Fatt ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဖခင်ဦးညိုဝင်း၊ မိခင်ဒေါ်မြင့်မြင့်ဝင်းတို့က မွေးဖွားခဲ့ကြတာပါ။ ရန်ကုန်မြို့ဇာတိဖြစ်တဲ့ G  Fatt မှာ မွေးချင်း အစ်မတစ်ယောက်ရှိပြီး နာမည်အရင်းကတော့ မြတ်သူပါ။ ငယ်ဘဝအမှတ်တရ အနေနဲ့ကတော့ ငယ်စဉ်က အရမ်းဝတဲ့ကလေး တစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်အကယ်ဒမီ ရန်အောင်ရဲ့ ခိုင်မာလာနှင်းဆီဇာတ်ကား ကြည့်ရင်း ဗိုက်နာလို့မွေးဖွားခဲ့တာကြောင့် အဲဒီဇာတ်ကားထဲက ရန်အောင်ရဲ့နာမည်  မြတ်သူကို အစွဲပြုမှည့်ဆိုခဲ့တယ်လို့ G Fatt က ဆိုပါတယ်။

ကျောင်းပညာရေးအနေနဲ့ကတော့ မူကြိုကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က (၂) သင်္ဃန်းကျွန်းမှာ တက်ရောက်ခဲ့သူပါ။ ကျောင်းပညာရေးမှာ စာညံ့ခဲ့ပေမဲ့ အနုပညာမှာတော့ ငယ်စဉ်ကတည်းက ထူးချွန်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းစာစီစာကုံးလက်ရွေးစင်၊ ကဗျာလက်ရွေးစင်နဲ့ အနုပညာစွမ်းရည်ပြ ဖျော်ဖြေပွဲတိုင်းမှာ ပါဝင်ဖြစ်ခဲ့တယ်လို့ G Fatt က ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ ငယ်စဉ်ကတည်းက စိတ်ပါဝင်စားခဲ့တဲ့ မြန်မာစာမေဂျာကို အထူးပြု တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယနှစ် တက်ရောက်နေချိန်မှာတော့ ငယ်စဉ်အိပ်မက်ဖြစ်တဲ့ ဂီတအလုပ်အတွက်ပဲ တစိုက်မတ်မတ်လုပ်ဖို့ ဆုံးဖြတ်ပြီးကျောင်း ပညာရေးကို ကျောခိုင်းခဲ့ပါတယ်။

ခြောက်တန်းကျောင်းသား အရွယ်ကတည်းက သီချင်းတွေစရေးခဲ့ပြီး ပတ်ဝန်းကျင်မှာ အားပေးသူ မရှိခဲ့ဘဲ ဝိုင်းဝန်းလှောင်ပြောင်ကြသူတွေသာ များခဲ့တယ်လို့ဆိုပါတယ်။ ဘဝရဲ့ ရုန်းကန်ရမှုအခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေကြောင့် စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော် နိုင်ပါ့မလားဆိုတာ မကြာခဏ စိတ်ဓာတ်ကျခဲ့ပေမယ့် စာအုပ်တွေကတစ်ဆင့် ပြန်လည်အားမွေးခဲ့ပါတယ်လို့ G Fatt က ပြောပြခဲ့ပါတယ်။

“ငယ်ငယ်ကတည်းက အဆိုတော်ဖြစ် ချင်တယ်လို့ပြောရင် ဝိုင်းဟားကြတဲ့သူတွေချည်းပဲ။ ကိုယ်တိုင်ကလည်း အဆိုတော်ဖြစ်ဖို့ဆိုတာ ပိုက်ဆံလည်းမရှိတဲ့သူဆိုတော့ စိတ်ဓာတ်တွေ အရမ်းကျခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာဆရာကြီး ဦးအောင်သင်းတို့၊ ပီမိုးနင်းတို့စာအုပ်တွေဖတ်ပြီး ငါ့ရဲ့အိပ်မက်ကဘာလို့ မဖြစ်နိုင်ရမလဲ၊ ကြိုးစားရင်ဖြစ်နိုင် တာပဲဆိုတဲ့ အတွေးတွေ ဝင်လာတယ်။ အဲဒီ အတိုင်းပဲ တစိုက်မတ်မတ် ကြိုးစားလာခဲ့တာ ပါ” လို့ G Fatt က ဆိုပါတယ်။

G Fatt ရဲ့အနုပညာခရီးလမ်းအစက ကိုးတန်းကျောင်းသားအရွယ်မှာ သူငယ်ချင်းတွေနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး သီချင်းတွေဆိုခဲ့ပေမယ့် ပရိသတ်စပြီး သိသွားတဲ့သီချင်းတွေ ကတော့ ‘၈ ရက် ၈ လ ၈ နာရီ’  နဲ့ ‘ပြည်ပသို့ ပေးစာ’ သီချင်းတွေပါ။ သီချင်းနှစ်ပုဒ်လုံးကို တစ်ရက်တည်းစီ အပြီးရေးခဲ့တာဖြစ်ပြီး တစ်ပုဒ်ချင်းစီတိုင်းမှာ အမှတ်တရတွေ ရှိနေတယ်လို့ဆိုပါတယ်။ ‘၈ ရက် ၈ လ ၈ နာရီ’ သီချင်းကို အရင်ကတည်းက ရေးထားတာရှိပြီး ရွှေထူးအတွက်လိုက်ဖက်နိုင် တယ်ထင်တာကြောင့် တွဲဖက်သီဆိုဖို့ပေးဖြစ်ခဲ့တယ်လို့ G Fatt က ဆိုပါတယ်။ ‘ပြည်ပသို့ပေးစာ’ သီချင်းကတော့ ငယ်ငယ်ကတည်းက မောင်နှမလိုခင်ရတဲ့ မိန်းကလေးသူငယ်ချင်းက ဂျပန်ကိုသွားတော့မယ့်အချိန်မှာ လက်ဆောင်ပေးလိုက်ချင်တာကြောင့် တစ်ရက်တည်းနဲ့ရေးဖြစ်ခဲ့တာပါလို့ ဆက်ပြီးပြောပြခဲ့ပါတယ်။

ဒီသီချင်းနှစ်ပုဒ်နဲ့ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ G Fatt က အဆိုတော်အိမ့်ချစ်၊ ဖြူဖြူကျော်သိန်းတို့နဲ့တွဲဖက်လို့ တေးသီချင်းများကို ပူးပေါင်းဖန်တီးခဲ့သလို ထင်ရှားတဲ့ တေးသီချင်းတချို့ကိုလည်း ထပ်မံရေးသား သီဆိုခဲ့ပါတယ်။ ဒါ့အပြင် ဟစ်ဟော့ပ်ဖျော်ဖြေပွဲတွေမှာလည်း ဆက်တိုက်ပါဝင် ဖျော်ဖြေနေသလို ဟစ်ဟော့ပ်ဖျော်ဖြေပွဲတိုင်းမှာ G Fatt လို့ ပရိသတ်ပွဲတောင်းသံတွေက လွင့်ပျံလို့နေပါတယ်။ ဒီလိုဖျော်ဖြေပွဲတွေနဲ့ ပတ်သက်လို့လည်း G Fatt က “အရင်ကတော့ ရှိုးပွဲရှိရင် ခေါ်ခေါ်မခေါ်ခေါ် တက်ဆိုတာပဲ။ သိတဲ့သူလည်းမရှိသလို အားပေးတဲ့သူလည်း မရှိဘူး။ ၈ ရက် ၈ လ ၈ နာရီ ပေါက်သွားတော့ ပထမဆုံး ရွှေထူးနဲ့တွဲပြီးဆိုတဲ့ပွဲမှာ ပရိသတ်တွေအားလုံးက ကျွန်တော့်နာမည်ကို သံပြိုင်အော်လိုက်တဲ့အချိန်မှာ ပျော်လို့ကို မဆုံးနိုင်တော့ဘူး။ အဲဒီခံစားမှုကတော့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး” လို့ အမှတ်တရ ပြောပြခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ အနုပညာခရီး လမ်းတစ်လျှောက်ဖြတ်သန်းရာမှာတော့ စိတ်ဓာတ်ကျလွယ်သူ တစ်ယောက်ဖြစ်လို့ စိတ်ညစ်စရာတစ်ခုကြုံရင် နှစ်ရက်လောက် ဘာမှမလုပ်နိုင်တော့ဘဲ ခံစားရတာမျိုးတွေ ကြုံခဲ့ဖူးပြီး အဲဒီအချိန်တိုင်းမှာစာအုပ်တွေ ပြေးဖတ်ရင်းနဲ့ အကြံဉာဏ်တွေယူခဲ့တာကြောင့် စာအုပ်တွေကတော့ အနီးကပ်ဆုံးဆရာတွေပါပဲလို့ ဖြည့်စွက်ပြောပြခဲ့ပါသေးတယ်။

G Fatt က ‘ဂျင်’ လို့နာမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိချိန်မှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ စိတ်ပါဝင်စားမှုအများအပြား ခံနေရသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ငယ်ဘ၀ အိပ်မက်တစ်ခုဖြစ်တဲ့ တစ်ကိုယ်တော်ပွဲကိုလည်း လုပ်နိုင်အောင် ကြိုးစားပါမယ်လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။ လက်ရှိ ရောက်နေတဲ့နေရာကို အောင်မြင်မှုလို့ မသတ်မှတ်ဘဲ နေ့တိုင်းမှာ ကြိုးစားဖို့လိုအပ်နေသေးသလို ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ ပရိသတ်တွေအတွက် ကျေးဇူးတင်စွာနဲ့ ဆက်လက်ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။ လူငယ်တစ်ယောက်ရဲ့ ငယ်ဘဝအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်မှု နဲ့ပတ်သက်လို့ အိပ်မက်နဲ့မျှော်လင့်ချက်ဆီကို အရောက်သွားနေတဲ့သူကပဲ ဘဝမှာ အဓိပ္ပာယ်ရှိပါတယ်။ ဘယ်အိပ်မက်မဆို မဖြစ်လာဘူးဆိုတာမရှိပါဘူးလို့ လူငယ်ဆယ်ကျော်သက် ပရိသတ်တွေအတွက် လက်ဆင့်ကမ်းစကား ဆိုခဲ့ပါသေးတယ်။

Most Read

Most Recent