ရွှေအိမ်စည်အနေဖြင့် အလှမယ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ အနုပညာလုပ်ငန်းများသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆို

ရွှေအိမ်စည်အနေဖြင့် အလှမယ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ အနုပညာလုပ်ငန်းများသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆို
Published 4 October 2017

Miss Grand International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရပြီးနောက် လက်ရှိတွင်အဆိုပါ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရပ်ဆိုင်းခံခဲ့ရသည့် အလှမယ် ရွှေအိမ်စည် အနေဖြင့် အလှမယ်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ် ပြိုင်တော့မည်မဟုတ်ဘဲ အနုပညာလုပ်ငန်းများကိုသာ လုပ်ကိုင်သွားရန်စီစဉ်ထားကြောင်း သိရသည်။ ရွှေအိမ်စည်သည် ၎င်း၏ကိုယ်စား Miss Grand International ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည့် အလှမယ်အေးချမ်းမိုးနှင့် ပတ်သက်၍ အသင့်တော်ဆုံး ပြိုင်ပွဲဝင်တစ်ဦး ဖြစ်သည်ဟု ထင်မြင်မိပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ရခိုင်အရေးကိစ္စများအပေါ် မေးမြန်းမှုများရှိလာပါကလည်း သေချာရှင်းလင်းစွာ ဖြေကြားခဲ့စေလိုသည်ဟု ပြောကြားသည်။

“အလှမယ်ပြိုင်ပွဲတွေကိုတော့ ဆက်လက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ အနုပညာလုပ်ငန်းတွေကိုပဲ အကောင်းဆုံးကြိုးစား လုပ်ကိုင်သွားပါမယ်။ သရဖူကို Miss Universe Myanmar Organization ကို ပြန်လည်အပ်နှံမှာ မဟုတ်ပါဘူး။ သူတို့ကို အလှမယ်ပြိုင်ပွဲကျင်းပ ခွင့်လိုင်စင်ချထားပေးတဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေထံ သရဖူကို သွားရောက်အပ်နှံမှာဖြစ်ပါတယ်။ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရတဲ့ မအေးချမ်းမိုးက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ သူ့မှာရှိတဲ့ အတွေ့အကြုံ၊ ပြင်ဆင်ထားမှုတွေနဲ့ အကောင်းဆုံး ကြိုးစားနိုင်ပါလိမ့်မယ်။ ဖြစ်စေချင်တာကတော့ ပြိုင်ပွဲမှာ မအေးချမ်းမိုးအနေနဲ့ မြန်မာနိုင်ငံက ရခိုင်အရေးနဲ့ပတ်သက်ပြီး မေးမြန်းတာတွေရှိလာခဲ့ရင် သေချာရှင်းလင်းစွာ ပြန်လည်ဖြေကြားနိုင်ဖို့လိုပါမယ်။ အဲဒီလို ဖြေကြားခဲ့စေချင်ပါတယ်”ဟု အလှမယ်ရွှေအိမ်စည်က ဆိုသည်။

အလှမယ်ရွှေအိမ်စည်မှာ Miss Universe Myanmar 2017 ပြိုင်ပွဲတွင် 1st Runner Up ဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည့်အတွက် Miss Grand Myanmar International ဆုကိုပေးအပ်ခဲ့ရာ Miss Grand International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် တစ်နှစ်ခန့်ပြင်ဆင်လေ့ကျင့် စေခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲသို့သွားရောက်ရန် ရက်ပိုင်းမျှအလိုဖြစ်သည့် အောက်တိုဘာ ၁ ရက်တွင် Miss Universe Myanmar Organization မှ ရွှေအိမ်စည်၏ လုပ်ဆောင်ချက်အချို့ကြောင့် Miss Grand Myanmar International အလှမယ်အဖြစ်မှ ရုပ်သိမ်းကာ ပြိုင်ပွဲသို့သွားရောက်ယှဉ် ပြိုင်ရန် စေလွှတ်ထားခြင်းကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလအတွင်း ကျင်းပသွားမည့်  Miss Grand Myanmar International ပြိုင်ပွဲသို့ ရွှေအိမ်စည်ကိုယ်စား အလှမယ် အေးချမ်းမိုးက သွားရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent