It က ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိ

It က ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိ
Published 3 October 2017

လွန်ခဲ့သည့် သီတင်းလေးပတ်က စတင်ပြသခဲ့သော ကြောက်မက်ဖွယ်ရာရုပ်ရှင် It သည် ဟောလိုးဝင်း နီးကပ်လာပြီဖြစ်သည့်အတွက် မြောက်အမေရိက၏ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးသို့ပြန်လည် ရောက်ရှိလာခဲ့သည်။ It သည် စာရင်း၏ ဒုတိယနေရာသို့ သီတင်းတစ်ပတ်ကြာ ဆင်းသွားပြီးမှ ယခုကဲ့သို့ ထိပ်ဆုံးသို့ ပြန်ရောက်လာခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ရုပ်ရှင်များအနက် ဝင်ငွေအကောင်းဆုံးဖြစ်သည့် It သည် ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၃ သန်း ရရှိခဲ့သည်ဟု သိရသည်။ It ရုပ်ရှင်သည် ဒေသတွင်းမှာပင် စုစုပေါင်း ဒေါ်လာ ၂၉၁ ဒသမ ၁ သန်းရရှိပြီးဖြစ်သည်။

It နှင့် ဝင်ငွေအနည်းငယ်မျှသာကွာပြီး ဒုတိယနေရာတွင် ရပ်တည်နေသည့် ရုပ်ရှင်မှာ Universal မှ အသစ်ထုတ်လုပ်လိုက်သော American Made ဖြစ်ပြီး ဒေါ်လာ ၁၇ သန်း ရရှိထားသည်။ တွမ်ခရုဇ်အဓိက ပါဝင်သရုပ်ဆောင်ထားသော American Made ရုပ်ရှင်၏ဇာတ်လမ်းမှာ ခရီးသည် တင်လေယာဉ်မောင်းနှင်သည့် လေယာဉ်မှူးတစ်ဦးသည် စီအိုင်အေအတွက် တောင်အမေရိကတွင် ထောက်လှမ်းရေးလုပ်ပေးရန် စည်းရုံးခံရသည့်အကြောင်း ဖြစ်သည်။

Kingsman: The Golden Circle သည် အဆင့်သုံးသို့ ကျဆင်းသွားပြီး ဝင်ငွေမှာလည်း ထက်ဝက်ကျော်ကျဆင်းကာ ဒေါ်လာ ၁၇ သန်း ရရှိထားသည်။

စာရင်း၏ နံပါတ်လေးနေရာတွင် ရပ်တည်နေသည့် ရုပ်ရှင်မှာ အန်နီမေးရှင်းဇာတ်ကားဖြစ်သော The Lego Ninjago ဖြစ်သည်။ The Lego Movie ၏ တတိယမြောက် ရုပ်ရှင်ဖြစ်သော The Lego Ninjago သည် ဝင်ငွေဒေါ်လာ ၁၂ သန်း ရရှိထားသည်။

ဆိုနီက ပြန်လည်ဆန်းသစ်ထားပြီး ပြီးခဲ့သည့် သီတင်းပတ်ကမှ ပွဲဦးထွက်ပြသသော  ထိတ်လန့်ဖွယ်ရုပ်ရှင် Flatliners သည် ဝင်ငွေ ဒေါ်လာ ၆ ဒသမ ၇ သန်းသာ ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့သော မူလ  Flatliners ရုပ်ရှင်ထဲတွင် ဆေးကျောင်းသား ငါးဦးသည် သေလွန်ပြီးလျှင် နောက်ထပ်ဘ၀ တစ်ခု ရှိ၊ မရှိကို ရှာဖွေရန်အတွက် အသက် သေစေနိုင်လောက်သော စမ်းသပ်မှုများပြုလုပ်ကြသည့် အကြောင်းဖြစ်သည်။

Most Read