သရုပ်ဆောင် ဆုမြတ်နိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင် ဆုမြတ်နိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ
Published 28 September 2017

“ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် အနုပညာခရီးလမ်းအတွင်း လျှောက်လှမ်းနေသူ”

ရုပ်ရှင်ကို ချစ်မြတ်နိုးသူတိုင်း စိတ်ပါဝင်စားကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဒါမှမဟုတ် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခွင့်ရကြသူတွေကို ပရိသတ်စိတ်ဝင်စား ချစ်ခင်လေ့ရှိကြပါတယ်။ အကယ်ဒမီဗန်းကိုင်ကတစ်ဆင့် အောင်မြင်ထင်ရှားတဲ့ မင်းသမီးတွေဖြစ်နေကြသူတွေလည်း အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အကယ်ဒမီဗန်းကိုင်တစ်ဦးအနေနဲ့ ပရိသတ်စတင် သတိထားမိစေခဲ့ပြီး လက်ရှိမှာတော့ပရိသတ် ချစ်ခင်အားပေးမှုရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ ငယ်စဉ်ဘ၀ အမှတ်တရတွေကို ပုံဖော်ပေးချင်ပါတယ်။ ဆုမြတ်နိုးဦးက လတ်တလောမှာ ရုံတင်ပြသနေတဲ့ ‘ထဘီကျွတ်၍ လွှတ်လိုက်သည်’ ဇာတ်ကားမှာ ပါဝင်ထားသလို ‘ဂျော်နီငပိနဲ့ တော်ကီချက်ကြီး’ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပရိသတ်ချစ်ခင်အား ပေးမှုများစွာရရှိထားသူတစ်ဦး ဖြစ်ပါတယ်။

သရုပ်ဆောင်ဆုမြတ်နိုးဦးကို မိဘများဖြစ်ကြတဲ့ ဦးတင်ဝင်း၊ ဒေါ်သန်းသန်းကြူတို့ကနေ ဇူလိုင် ၃၀ ရက် ၁၉၉၁ ခုနှစ်မှာ ကော့သောင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း မောင်လေးတစ်ယောက်ရှိပြီးကော့ သောင်းမြို့မှာပဲ နေထိုင်ကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝရဲ့ အမှတ်တရအနေနဲ့ကတော့ ကစားမက်တဲ့ကလေး တစ်ယောက်ဖြစ်ပြီး မိဘများကအလိုလိုက် ချစ်ခင်ခံရတဲ့ ကလေးတစ်ယောက်ပါလို့ ဆိုပါတယ်။

ငယ်စဉ်ဘဝရဲ့အမှတ်တရတစ်ခုအနေနဲ့ “အမှတ်တရတစ်ခုကတော့ သုံးနှစ်သမီးလောက်မှာ ပရိုမီနာမိတ်ကပ်တစ်ဘူးလုံးကို မြတ်နိုးရယ်၊ ကစားဖော် ကလေးတစ်ယောက်ရယ်ပေါင်းပြီး ကုန်အောင်လိမ်းထားခဲ့ဖူးတယ်။ အရမ်းလည်းငယ်သေးတော့ မေမေကအသားအရည်ပျက်စီးပြီး မျက်နှာတွေ ပွန်းပဲ့သွားမှာစိုးလို့ မနည်းပြန်ဖျက်ခဲ့ရတာ အမှတ်တရပါလို့ မေမေကခဏခဏ ပြန်ပြောပါတယ်” လို့ ဆုမြတ်နိုးဦးက ဆိုတယ်။

ဆုမြတ်နိုးဦးက ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ သတ္တမတန်းအထိကို ကော့သောင်းမြို့မှာ တက်ရောက်ခဲ့ပြီး အဋ္ဌမတန်းရောက်ရှိချိန်ကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာ ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ပေမဲ့ စာအရမ်းတော်တဲ့ သူတစ်ယောက်တော့ မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ကျောင်းတက်စဉ်တစ်လျှောက်မှာ မြန်မာစာကိုအားသန်ခဲ့ပြီး စာကျက်ရတာ ထက်စာရေးရတာကို ဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် စာစီစာကုံးပြိုင်ပွဲတွေမှာ တိုင်းအဆင့်ထိ ဆုတွေရခဲ့ဖူးတယ်လို့လည်း အမှတ်တရဆိုပါတယ်။ ကျောင်းကလုပ်တဲ့ ဘက်စုံလှုပ်ရှားမှုတွေမှာတော့ တက်တက်ကြွကြွပါဝင်တတ် သူတစ်ယောက်ပါလို့လည်း ဆုမြတ်နိုးဦးက ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ ယူကေကပေးတဲ့ တက္ကသိုလ်မှာ အပြင်ဒီပလိုမာတန်းတက်တယ်။ အဝေးသင်တက္ကသိုလ်မှာ Law တက်တယ်။ ယူကေဒီပလိုမာအတွက် တတိယနှစ်တက်ဖို့ စင်ကာပူကို သွားရမယ့်အချိန်မှာ အနုပညာအလုပ်တွေ စလုပ်ခဲ့ရတဲ့အတွက် ဆက်မတက်ဖြစ်ခဲ့ပါဘူး။

အနုပညာအလုပ်တွေကိုတော့ Miss Christmas ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ရာကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ Miss Pantene Title ဆုကိုရရှိခဲ့ရာကနေ အနုပညာလောကထဲ စတင်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ Miss မိုးယံအပါအဝင်ပြိုင်ပွဲတွေမှာ ထပ်မံယှဉ်ပြိုင်ခဲ့သလို အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခွင့်လည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“Miss မိုးယံဆုလည်းရရှိခဲ့ပြီးနောက်မှာ အန်ကယ်လေး (လူမင်း) က ဇာတ်ကားရိုက်ဖို့ ဆက်သွယ်လာလို့ ဇာတ်ကားနှစ်ကားမှာ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီနောက်မှာမှ အကယ်ဒမီဗန်းကိုင်အနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ ဖြစ်ချင်တော့ မြတ်နိုးတို့ပါဝင်ခွင့်ရတဲ့နှစ်က ရန်ကုန်မှာပြန်လုပ်ခွင့်ရတဲ့ အကယ်ဒမီပေးပွဲလည်းဖြစ်သလို ရှစ်ယောက်တောင် ရွေးချယ်တဲ့နှစ်လည်းဖြစ်တော့ မီဒီယာတွေကရော၊ ပရိသတ်တွေကပါ အရမ်းစိတ်ဝင်စားကြတယ်။ အဲဒီအခါကျတော့ မြတ်နိုးတို့ကိုလည်းပိုပြီး သတိထားမိစေခဲ့တယ်လို့ ပြောလို့ရပါတယ်” လို့ ဆုမြတ်နိုးဦးက အကယ်ဒမီဗန်းကိုင်အနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

ဆုမြတ်နိုးဦးကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ‘ကား’ ဆိုတဲ့ဇာတ်ကားမှာ သတိထားမိကြသလို ‘ကျိုက်ထီးရိုးရေစက်’ ဆိုတဲ့ဇာတ်ကားမှာလည်း ပရိသတ်တွေက မှတ်မိချစ်ခင်ကြတယ်လို့ ဆိုပါတယ်။ ‘ကျိုက်ထီးရိုးစေတီ’ ရဲ့သမိုင်းကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်တာကြောင့် ပရိသတ်တွေက အခုချိန်ထိကို တွဲပြီးမှတ်မိနေကြတယ်လို့ ဆုမြတ်နိုးဦးက အမှတ်တရဆိုပါတယ်။ ဒီနောက်မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ အများအပြားပါဝင်ခွင့်ရခဲ့သလို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

အနုပညာလောကအတွင်း ဖြတ်သန်းလာခဲ့ချိန်မှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသလို စိန်ခေါ်မှုတွေ၊ စိတ်ပင်ပန်းတာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ကြုံလာတဲ့ အခက်အခဲတွေကိုတော့ အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်တစ်ခုတည်းနဲ့ သည်းခံဖြတ်သန်းခဲ့ပါတယ်လို့လည်း ဆုမြတ်နိုးဦးက ဆိုပါတယ်။ ဖြတ်သန်းခဲ့ပြီးသလောက် အနုပညာခရီးလမ်းမှာ ရရှိလာတဲ့ ပရိသတ်အားပေးမှုနဲ့ ပတ်သက်လို့ ကျေနပ်တယ်လို့ခံစားမိပြီး အချိန်တိုအတွင်း ပရိသတ်ချစ်ခင်မှု ရရှိခဲ့တာကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ခံစားမိပါတယ်လို့ ဆုမြတ်နိုးဦးက ဖွင့်ဟခဲ့ပါတယ်။

“မြတ်နိုးက ကြိုးစားနေရဆဲ သူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုဇာတ်ရုပ်မျိုးတွေ ရိုက်ကူးချင်တယ်၊ ပါဝင်ချင်တယ်ဆိုတာမျိုး ရွေးချယ်ခွင့်မရှိပါဘူး။ မြတ်နိုးနဲ့ လိုက်ဖက်တယ်လို့ယူဆလို့ ပါဝင်စေတဲ့ ဇာတ်ရုပ်တွေမှာသာ အကောင်းဆုံးကြိုးစားရတာမျိုးပဲ ရှိပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မြတ်နိုးလုပ်ပြခွင့်ရတဲ့ အနုပညာဖန်တီးမှုတွေကို အားပေးဝေဖန်ပေးစေချင်ပါတယ်။ ပရိသတ်များက ပြောပြကြမှပဲ မြတ်နိုးရဲ့ အားနည်းချက် အားသာချက်ဆိုတာကိုသိပြီး ပြင်ဆင်လို့ရမှာပါ။ မြတ်နိုးဘက်ကလည်း အကောင်းဆုံးဆက်ပြီး ကြိုးစားသွားမှာပါ” လို့ ဆုမြတ်နိုးဦးက ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုများအကြောင်းကို ပြောပြခဲ့ပါတယ်။

ဆုမြတ်နိုးဦးက လတ်တလောမှာတော့ ဒီဇိုင်နာဌေးဌေးတင် (Shimizu) ရဲ့ တစ်ကိုယ်တော်ဖက်ရှင်ပြပွဲမှာ ပါဝင်ခဲ့သလို သရုပ်ဆောင်ဇေရဲထက်၊ နန်းမြတ်ဖြိုးသင်းတို့နဲ့အတူ ‘ပျိုတောသူကိုယ့်မယား’ ဇာတ်ကားမှာလည်း ပါဝင်နေပါတယ်။ သီတင်းကျွတ်ကာလမှာတော့ ဘားအံမြို့မှာ အငြိမ့်သွားကဖို့ စီစဉ်ထားသလို ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပါဝင်ဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။

လတ်တလော ပရိသတ်စိတ်ဝင်စားနေတဲ့ အချစ်ရေးနဲ့ပတ်သက်လို့တော့ သရုပ်ဆောင် ဆုမြတ်နိုးဦးက “အချစ်ရေးကတော့ မြတ်နိုးမှာမရှိသေးပါဘူး။ အဲဒါကလည်း အနုပညာအလုပ်တွေ လုပ်နေလို့လည်းမဟုတ်ဘူး။ မြတ်နိုးရဲ့စိတ်ကိုက လွတ်လပ်တာကို ကြိုက်တယ်။ အနှောင်အဖွဲ့တွေမကြိုက်ဘူး။ မြတ်နိုးကအဓိကတော့ ခရီးသွားရတာ အရမ်းကြိုက်တယ်။ အားပြီဆိုတာနဲ့မေမေနဲ့ ခရီးတွေသွားရရင် ပျော်နေတာပဲ။ ငယ်ငယ်တည်းကလည်း ပိုက်ဆံတွေရှာပြီးရင် ခရီးတွေလျှောက်သွားမယ်လို့ အမြဲစိတ်ကူးနေကျပဲ။ ပြည်တွင်းပြည်ပဘယ်လို ခရီးပဲဖြစ်ဖြစ် မြတ်နိုးကြိုက်တယ်။ အဲဒီလို လွတ်လွတ်လပ်လပ်နေချင်တဲ့ စိတ်မျိုးဆိုတော့ အချစ်ရေးဆိုတာက မြတ်နိုးအတွက် တကယ်ခက်ပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို ကြိုပြောလို့မရတဲ့အတွက် တစ်ချိန်ကျရင်တော့လည်း ရှိချင်ရှိလာနိုင်တယ်။ ဒါပေမဲ့ အသက် ၃၀ ကျော်မှပဲ အိမ်ထောင်ရေးအတွက် စဉ်းစားမယ်လို့တော့ ဆုံးဖြတ်ထားတယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

ဆုမြတ်နိုးဦးက ချစ်ခင်အားပေးကြတဲ့ ပရိသတ်များလိုအင်အားလုံး ပြည့်စုံစေဖို့ ဆုတောင်းပေးခဲ့သလို ပရိသတ်အားပေးရကျိုးနပ်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်စေဖို့ ကြိုးစားသွားပါမယ်လို့လည်း ကတိစကား ဆိုခဲ့ပါတယ်။

Most Read

Most Recent