ဟာရီကိန်းဒဏ် ခံလိုက်ရသည့် ပွာတိုရီကိုသို့ ဂျနီဖာလိုပတ်ဇ်က ဒေါ်လာတစ်သန်း လှူဒါန်းမည်

ဟာရီကိန်းဒဏ် ခံလိုက်ရသည့် ပွာတိုရီကိုသို့ ဂျနီဖာလိုပတ်ဇ်က ဒေါ်လာတစ်သန်း လှူဒါန်းမည်
Published 26 September 2017

ပေါ့အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သော ဂျနီဖာလိုပတ်ဇ်သည် ပွာတိုရီကိုသို့ ဒေါ်လာတစ်သန်း လှူဒါန်းရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် လိုပတ်ဇ်သည် ပွာတိုရီကိုသို့ ထောက်ပံ့ရန် နယူးယောက်ပြည်နယ်၏ အစီအစဉ် တစ်ခု စတင်နိုင်ရေးအတွက် ကူညီပေးနေသည်။

ပွာတိုရီကန်မိဘများမှ နယူးယောက်တွင် မွေးဖွားခဲ့သော လိုပတ်ဇ်က ထိုပိုက်ဆံများကို  ပရဟိတအဖွဲ့များမှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ လက်တင်အမေရိက ကြယ်ပွင့်များနှင့် ပူးပေါင်းပြီးလည်း ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မာရီယာ ဟာရီကိန်းဟာ အနှစ် ၂၀ နီးပါး ကာလအတွင်း ပွာတိုရီကို,ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုကတော့ ကြောက်စရာပါပဲ”ဟု လိုပတ်ဇ်က နယူး ယောက်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုနှင့်အတူ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ နာမည်ကျော်ဘေ့စ်ဘောကစားသမား အဲလက်စ်ရိုဒရီဂတ်ဇ်နှင့်တွဲနေသော လိုပတ်ဇ်က ၎င်းတို့နှစ်ဦးသည် အခြားအားကစားသမားများနှင့် ပူးပေါင်းပြီး အကူအညီများဖြန့်ဝေပေးရန် လေယာဉ် နှစ်စင်း စီစဉ်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။

ပွာတိုရီကို,ကို ကူညီရန် နယူးယောက်ပြည်နယ်၏ အစီအစဉ်တစ်ခုတွင် လိုပတ်ဇ်က ပူးတွဲခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်နေခြင်းဖြစ်သည်။ နယူးယောက်သည် ရှေးယခင်ကတည်းက အမေရိကန် ပြည်မကြီးသို့ ပြောင်းလာသည့် ပွာတိုရီကန်တို့အတွက် ဗဟိုချက်ဖြစ်သည်။

Most Read

Most Recent