Big Bag ၊ Reason နှင့် Idoits တို့ပါဝင်ဖျော်ဖြေမည့် “Influence Rock” ဂီတဖျော်ဖြေပွဲကို Thuwunnabhumi Event Park ၌ ပြုလုပ်မည်

Big Bag ၊ Reason နှင့် Idoits တို့ပါဝင်ဖျော်ဖြေမည့် “Influence Rock” ဂီတဖျော်ဖြေပွဲကို Thuwunnabhumi Event Park ၌ ပြုလုပ်မည်
Published 28 July 2017

Big Bag ၊ Reason နှင့် Idoits တို့ ပါဝင်ဖျော်ဖြေမည့် “Influence Rock” ဂီတဖျော် ဖြေပွဲကို ရန်ကုန်မြို့ Thuwunnabhumi Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “Influence Rock” ဂီတဖျော်ဖြေပွဲမှာ ယခင်နှစ်ကလည်းပြုလုပ်ခဲ့ပြီး ပရိသတ်အားပေးမှု များပြားခဲ့သည့် ဂီတဖျော်ဖြေပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင်လည်း အဆိုပါဂီတဖျော်ဖြေပွဲအား ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ပရိသတ်များကို ခန့်မှန်းဖြေဆိုစေကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည့် အစီအစဉ်အားလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“Influence Rock” နာမည်နဲ့ မနှစ်ကလည်း ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။ ပရိသတ်များလည်း ကျေနပ်အားရတဲ့ဖျော် ဖြေပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အခုနှစ်မှာလည်း အရင်နှစ်ကအဖွဲ့တွေနဲ့ပဲ နောက်တစ်ပွဲထပ်လုပ်ဖို့ စီစဉ်နေပါတယ်။ ပါဝင်တဲ့အဖွဲ့တွေ အားလုံးက ပရိသတ်အင်အားကောင်းမွန်တဲ့ အဖွဲ့တွေဖြစ်တဲ့အပြင် အနုပညာအင်အား ပြည့်ဝစွာတင်ဆက်နိုင်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။ အခုနှစ်အတွက်လည်း အင်အားအပြည့်နဲ့ တင်ဆက်ကြဖို့အားလုံး တိုင်ပင်ပြင်ဆင်နေပါပြီ။ အသေးစိတ်အချက်တွေကို မကြာခင်အသိပေးသွားပါမယ်” ဟု “Influence Rock” ဂီတဖျော်ဖြေပွဲအား စီစဉ်သူတစ်ဦးက ဆိုသည်။

ဖျော်ဖြေပွဲတွင်ပါဝင်မည့် တေးသံရှင် အောင်လကလည်း “ရှိုးတွေဆိုဖို့ရှိပါတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီးတော့ရော၊ တစ်ဖွဲ့ချင်းအနေနဲ့ပါ ရှိုးတွေဆိုဖြစ်ပါမယ်။ ပရိသတ်တွေနဲ့ မတွေ့ဖြစ်တာလည်း နည်းနည်းကြာနေပြီဆိုတော့ ကျွန်တော်တို့ အားလုံးလည်း သေချာလေးပြင်ဆင်ထားကြတယ်။ သီချင်းအသစ်တွေရော၊ အဟောင်းတွေပါ ဖျော်ဖြေဖို့လည်းစီစဉ်ထားတယ်။ ဘော်ဒါတွေအားလုံး၊ ပရိသတ်တွေအားလုံးနဲ့ ပျော်ပျော်ပါးပါး ပွဲမျိုးဆင်နွဲှကြပါမယ်။ လောလောဆယ်တော့ မနှစ်တုန်းကလည်း ပရိသတ်တွေအများကြီးနဲ့ ပျော်ပျော်ပါးပါးဆိုခဲ့ကြတဲ့ Influence Rock ပွဲမှာဆိုဖို့ရှိပါတယ်” ဟု ပြောပြခဲ့သည်။

“Influence Rock” ဂီတဖျော်ဖြေပွဲတွင် Big Bag အဖွဲ့နှင့်အတူ တေးသံရှင်ကျားပေါက်က ဖျော်ဖြေမည်ဖြစ်ပြီး Reason အဖွဲ့နဲ့ တေးသံရှင်အောင်လ၊ Idiots အဖွဲ့နှင့် တေးသံရှင်ရေမွန်တို့ ပါဝင်သီဆိုဖျော်ဖြေရန်စီ စဉ်ထားကြောင်း သိရသည်။ အဆိုပါဂီတဖျော်ဖြေပွဲကို Forward Production မှစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးရာသီကာလအတွင်း ဂီတဖျော်ဖြေပွဲများ ကျင်းပမှု အတန်ငယ်နည်းပါးသွားခဲ့ရာမှ ဖျော်ဖြေပွဲများ ကျင်းပရန်ပြန်လည်စီစဉ်လာခြင်း ဖြစ်သည်။

 

Writer:
လင်းလင်းခိုင်

Most Read

Most Recent