ဂျိုလီက ဘရက်ပစ်နှင့် ကွာရှင်းပြီးနောက် အခက်ခဲဆုံး အချိန်များနှင့် ကြုံတွေ့ခဲ့သည်ဟု ဝန်ခံ

ဂျိုလီက ဘရက်ပစ်နှင့် ကွာရှင်းပြီးနောက် အခက်ခဲဆုံး အချိန်များနှင့် ကြုံတွေ့ခဲ့သည်ဟု ဝန်ခံ
Published 28 July 2017

အင်ဂျလီနာဂျိုလီက ဘရက်ပစ်နှင့် ကွာရှင်းပြီးနောက် အခက်ခဲဆုံးအချိန်များနှင့် ကြုံတွေ့ခဲ့သည်ဟု ဝန်ခံခဲ့ပြီး ယင်းကာလများအတွင်း ဇာတ်ကားရိုက်ကူးမှုများကို ရွှေ့ဆိုင်းပြီး အိမ်ထောင်စီမံခန့်ခွဲသူတစ်ဦးအဖြစ် ဟင်းချက်ပြုတ်ခြင်းနှင့် ခွေးသန့်ရှင်းရေး ကဲ့သို့သော သာမန်အလုပ်များ လုပ်ဆောင်ခြင်းဖြင့် မိခင်ကောင်းတစ်ဦးဖြစ်ရန် အချိန်ကုန်ဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

ကွာရှင်းခဲ့ပြီးမကြာမီ လော့စ်အိန်ဂျလိစ်အနီး၊ Los Feliz ရပ်ကွက်ရှိ အိပ်ခန်းခြောက်ခန်း၊ သန့်စင်ခန်း ၁၀ ခန်း ပါဝင်သည့် ဒေါ်လာ ၂၅ သန်းတန်အိမ်သို့ ကလေးများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အနားယူခဲ့သည်ဟု ဂျိုလီက Vanity Fair မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

“ကျွန်မကလေးတွေအတွက် သင့်တော်တဲ့ မနက်စာကိုလုပ်ပေးပြီး အိမ်ကို ထိန်းသိမ်းချင်တယ်။ ဒါဟာ ကျွန်မရဲ့ ထက်သန်တဲ့ စိတ်ပြင်းပြမှုပါ။ ကျွန်မရဲ့ ကလေးတွေတောင်းဆိုမှုကြောင့် ဟင်းချက်သင်တန်းတွေ တက်ခဲ့ရတယ်” ဟု ဂျိုလီက ဆိုသည်။

ရင်သားကင်ဆာနှင့် မျိုးဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေအလွန်များသော BRCA1 ဗီဇတစ်ခု တွေ့ရှိရသည့်အတွက် ၂၀၁၃ ခုနှစ်တွင် ရင်သားနှစ်ဖက်စလုံး ဖြတ်ထုတ်သည့် ခွဲစိတ်ကုသခံယူခဲ့သည့် ဂျိုလီက ဘရက်ပစ်နှင့် ကွာရှင်းပြီးနောက် သွေးတိုးရောဂါဖြစ်ပေါ်ခဲ့ပြီး မျက်နှာပိုင်းဆိုင်ရာ ကြွက်သားအားနည်းမှုကြောင့် မျက်နှာရွဲ့သွားနိုင်သည့် Bell's palsy ရောဂါကိုလည်း ခံစားခဲ့ရသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ အပ်စိုက်ကုထုံးဖြင့် ကုသမှုခံယူခဲ့ပြီးနောက် Bell's palsy ခံစားရမှုမှ ပြန်လည် နာလန်ထူလာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိ ဂျိုလီက ညှိနှိုင်း၍မရနိုင်သော သဘောထားကွဲလွဲမှုများကြောင့်ဟု ပြောကြားပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ဘရက်ပစ်နှင့် ကွာရှင်းခွင့်လျှောက်ထားခဲ့သည်။ ဘရက်ပစ်သည် ပြင်သစ်မှ လော့စ်အိန်ဂျလိစ်သို့ ပြန်လာသည့် လေယာဉ်ခရီးတွင် ဆယ်ကျော်သက်အရွယ် သားတစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု ဂျိုလီက စွပ်စွဲခဲ့ကြောင်း တက်ဘလွိုက်သတင်းစာများတွင် ဖော်ပြခဲ့မှုကြောင့် FBI က ယင်းဖြစ်စဉ်ကို စစ်ဆေးခဲ့သည်။ သို့သော် FBI က ယင်းဖြစ်စဉ်တွင် ဘရက်ပစ်၌ အပြစ်မရှိဟု ထုတ်ပြန်ခဲ့သည်။ အသက် ၅၃ နှစ်အရွယ်ရှိ ဘရက်ပစ်သည်အသက် ၁၅ နှစ်အရွယ်ရှိ မက်ဒေါ့ဇ်၊ အသက် ၁၃ နှစ်အရွယ်ရှိ ပက်ဇ်၊ အသက် ၁၂ နှစ်အရွယ်ရှိ ဇာဟာရာ၊ အသက် ၁၁ နှစ်အရွယ်ရှိ ရှီလိုနှင့် အသက်ကိုးနှစ်အရွယ် အမြွှာနှစ်ဦးဖြစ်သည့် ဗီဗီယန်နီနှင့် နော့ တို့ကို ဥပဒေအရ အုပ်ထိန်းခွင့် လျှောက်ထားခဲ့သည်။

ဂျိုလီသည် ၂၀၀၀ ပြည့်နှစ်တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့နေသည့် အမျိုးသမီးငယ်အဖြစ် သရုပ်ဆောင်ထားသည့် Girl, Interrupted ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သည်။ ကမ္ဘောဒီးယားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းဇာတ်ကား First They Killed My Father သည် ဂျိုလီ၏နောက်ဆုံး ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

Most Read

Most Recent