လီယိုနာဒိုဒီကာပရီယို ဖောင်ဒေးရှင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများအတွက် ဒေါ်လာသန်း ၂၀ ကျော်ထောက်ပံ့

လီယိုနာဒိုဒီကာပရီယို ဖောင်ဒေးရှင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများအတွက် ဒေါ်လာသန်း ၂၀ ကျော်ထောက်ပံ့
Published 21 September 2017

လီယိုနာဒိုဒီကာပရီယို ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝန်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်သည့် အဖွဲ့အစည်း ၁၀၀ ကျော်အတွက် ယခုနှစ်တွင် ဒေါ်လာသန်း ၂၀ ကျော်ထောက်ပံ့ပေးခဲ့သည်ဟု ယင်းဖောင်ဒေးရှင်း တည်ထောင်သူ သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခြင်္သေ့ကယ်တင်ရေးနှင့် လမုပင်ထိန်းသိမ်းရေးမှသည် ဆိုလာစွမ်းအင် သက်သက်သာသာရရှိရေးတို့အတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကို ရေးတက္ကသိုလ်၌ ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် လီယိုနာဒိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့အဖွဲ့အစည်း ၁၀၀ ကျော်ရဲ့လုပ်ငန်းစဉ်ကို ကူညီပံ့ပိုးပေးရလို့ ဂုဏ်ယူပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ အနာဂတ်မျိုးဆက်တွေအတွက် သမုဒ္ဒရာတွေ၊ သစ်တောတွေနဲ့ မျိုးသုဉ်းတော့မယ့် မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတာပါ” ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။

လီယိုနာဒိုဒီကာပရီယို ဖောင်ဒေးရှင်းသည် ၁၉၉၈ ခုနှစ်မှစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ပေးသည်မှာ စုစုပေါင်း ဒေါ်လာသန်း ၈၀ ကျော်ရှိပြီဖြစ်သည်။

အော်စကာဆုရ သရုပ်ဆောင် လီယိုနာဒိုက ရုပ်ကြွင်းလောင်စာအသုံးပြုမှုမှသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲအသုံးပြုရေးအတွက် အဆောတလျင် လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။

“ဒီနေ့ခေတ်မှာ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိတဲ့ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဂေဟစနစ် စိုက်ပျိုးရေးနည်းပညာတွေ ရှိလာတဲ့အတွက် ကျွန်တော်တို့အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ စတင်နိုင်မှာပါ” ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။

နိုင်ငံရေးသမားများက ရာသီဥတုသိပ္ပံကို လက်ခံရန်နှင့် အချိန်မလွန်မီ ရဲရဲဝံ့ဝံ့ကတိပေး လုပ်ဆောင်ရန် တောင်းဆိုရမည်ဟု ၎င်းကဆိုသည်။

ယင်းထောက်ပံ့မှုတွင် ရာသီဥတုပြောင်းလဲမှု၊ တောရိုင်းတိရစ္ဆာန်နှင့် တောတောင်ရေမြေ ထိန်းသိမ်းမှု၊ ရေနေသတ္တဝါနှင့် သမုဒ္ဒရာထိန်းသိမ်းမှု၊ တီထွင်ဖန်တီးအဖြေရှာမှု၊ ဒေသခံအခွင့်အရေးနှင့် ကယ်လီဖိုးနီးယားအစီအစဉ် စသည့် နယ်ပယ်ခြောက်ခု ပါဝင်သည်ဟု သိရသည်။

Most Read

Most Recent