သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားမယ်ဆိုတဲ့ မော်ဒယ်လ်သရုပ်ဆောင်မေဆူးမောင်ရဲ့ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားမယ်ဆိုတဲ့ မော်ဒယ်လ်သရုပ်ဆောင်မေဆူးမောင်ရဲ့ငယ်ဘဝဖြတ်သန်းရာ
Published 28 July 2017

လတ်တလော ရုံတင်ပြသဖို့ စီစဉ်နေတဲ့ မြန်မာဇာတ်ကားသစ်တွေထဲက ပရိသတ်အများစု စိတ်ဝင်စားနေကြတဲ့ဇာတ်ကား တစ်ကားကတော့ ‘ည’ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဖန်တီးထားတာဖြစ်ပြီး လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေရဲ့ ဖန်တီးအားထုတ်မှုဖြစ်တဲ့အပြင် ဆန်းသစ်တဲ့စိတ်ကူး ဖန်တီးမှု၊ အလှည့်အပြောင်းများစွာနဲ့ ဇာတ်လမ်းကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်နေပါတယ်။ အခုတစ်ပတ်မှာတော့ မော်ဒယ်လ်တစ်ဦးအဖြစ် ပရိသတ်လက်ခံ အားပေးမှုများ ရရှိထားပြီး ‘ည’ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ပထမဆုံးရုပ်ရှင်ကားကြီး အနေနဲ့ ကြည့်ရှုခွင့်ရမယ့် သရုပ်ဆောင်မော်ဒယ်လ်မေဆူးမောင်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။

မေဆူးမောင်ကို ဦးခင်မောင်လွင်နဲ့ ဒေါ်သူဇာမင်းတို့က နိုဝင်ဘာ ၂၀ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက်ရှိတဲ့အနက် ဒုတိယမြောက်သမီးဖြစ်ပြီး ရန်ကုန်ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝရဲ့ အမှတ်တရကတော့ တိရစ္ဆာန်တွေကို
အရမ်းကြောက်တတ်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငယ်စဉ်ကလေးဘဝမှာကတည်းက မေဆူးမောင်က မျက်နှာထားတည်တည် နေတတ်သလို တစ်ယောက်တည်း အနေများတယ်လို့လည်း အမှတ်တရ ဆိုခဲ့ပါတယ်။

“ငယ်ငယ်ကတိရစ္ဆာန်တွေဆို အရမ်းကြောက်တယ်။ အထူးသဖြင့် ခွေးရှိပြီဆို အဲဒီနားကို မသွားရဲတော့ဘူး။ အဲဒီလောက်ထိ ကြောက်တတ်တယ်။ ပြီးတော့မျက်နှာထား တည်တည်နေတတ်တယ်။ သူများနဲ့လည်း သိပ်မရောဘူး။ တစ်ယောက်တည်း နေတာများတယ်ပေါ့။ ပြီးတော့ ယောကျ်ားလေးဆန်ဆန် ဝတ်စားဆင်ယင်တာ များပါတယ်” လို့ မေဆူးမောင်က ဆိုပါတယ်။

သရုပ်ဆောင်မော်ဒယ်လ်မေဆူးမောင်က ကျောင်းပညာရေးအနေနဲ့ ငယ်စဉ်မှာ တီချယ်ဝိုင်းမူကြိုတက်ခဲ့သလို အ.ထ.က (၁) ကမာရွတ်မှာ တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မိန်းကလေးကျောင်းမှာတက်ခဲ့သူ ဖြစ်တာကြောင့် ငယ်စဉ်ကျောင်းတက်ချိန် အမှတ်တရအနေနဲ့ မိန်းကလေး အချစ်တော်တွေက မုန့်ဝယ်ကျွေးကြ၊ လက်ဆောင်တွေ ပေးကြတာတွေခံခဲ့ရဖူးတယ်လို့လည်း ဆိုပါတယ်။ ပညာရေးမှာတော့ အလယ်အလတ်အဆင့်လောက်ပဲ ရှိခဲ့ပြီး အရမ်းထူးချွန်သူတစ်ယောက် မဟုတ်ခဲ့ဘူးလို့လည်း ပြောပြခဲ့ပါတယ်။ ကျောင်းနေစဉ် တစ်လျှောက်မှာ အနေအေးပေမယ့် ကျောင်းကပွဲတွေ၊ အားကစားပွဲတွေမှာတော့ တက်ကြွစွာ ပါဝင်ဖြစ်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ အထက်တန်းကျောင်းသူအရွယ်မှာတော့ မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်စိတ်တွေ စတင်မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။

“အထက်တန်းကျောင်းသူအရွယ် ရောက်လာတော့ မော်ဒယ်လ်အရမ်းဖြစ်ချင်တယ်။ အိမ်ကတော့ ဆယ်တန်းအောင်ပြီးရင် သင်တန်းတွေပေးတက်မယ်လို့ ကတိပေးတာကြောင့် ဆယ်တန်းကို စာသေချာကြိုးစားပြီး ဖြေခဲ့တယ်။ တကယ်တမ်း ဆယ်တန်းအောင်တဲ့အခါ မော်ဒယ်လ်သင်တန်း ပေးမတက်တော့ဘဲ အိမ်ကိုစိတ်ဆိုးပြီး အဘွားအိမ်မှာ သွားနေသေးတယ်။ အဲဒီကျမှအမေကိုယ်တိုင်လိုက်ပြီး ပြိုင်ပွဲတွေပြိုင်ဖို့ လုပ်ပေးခဲ့တာ” လို့ မေဆူးမောင်က အနုပညာခြေလှမ်း အစကို ပြောပြခဲ့ပါတယ်။

မေဆူးမောင်ရဲ့ ပထမဆုံးအနုပညာ ခြေလှမ်းအနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနက ပြုလုပ်တဲ့ Miss Mermaid ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် Winner ဆုကိုရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ Miss People အပါအဝင် ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ခဲ့ပြီး မော်ဒယ်လ်လောကထဲကို ခြေချခွင့်ရရှိခဲ့ပါတယ်။ တည်ငြိမ်တဲ့မျက်နှာထားဟန်ပန်နဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းတတ်တဲ့ မေဆူးမောင်ကို မော်ဒယ်လ်တစ်ဦး အနေနဲ့ ပရိသတ်လက်ခံမှု ရရှိလာခဲ့ပါတယ်။

“မော်ဒယ်လ်စလုပ်တုန်းက အခက်အခဲတွေ အများကြီးပါ။ သင်တန်းမတက်ဖူးတော့ ပြိုင်ပွဲမှာ ဘယ်လိုလျှောက်ရမယ်ဆိုတာကအစ အများကြီးခက်ခဲခဲ့တယ်။ ဒီနောက်မှာတော့ ဖြည်းဖြည်းချင်း အတွေ့အကြုံရလာပြီး အဆင်ပြေလာခဲ့ပါတယ်” လို့ မေဆူးမောင်က ဆိုပါတယ်။ မော်ဒယ်လ် မေဆူးမောင်က သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ လုပ်ကိုင်လိုတာကြောင့် ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်မှာတော့ ‘ည’ ရုပ်ရှင် ဇာတ်ကားအတွက် သရုပ်ဆောင်သစ် ခေါ်ယူရာမှာ ရွေးချယ်ခံရပြီး ပါဝင်သရုပ်ဆောင်ခွင့်ရလာပါတယ်။ ‘ည’ ရုပ်ရှင်ဇာတ်ကားအတွက် လေ့ကျင့်ပြင်ဆင်မှုများစွာ လုပ်ခဲ့ရသလို အတွေ့အကြုံကောင်းတွေ များစွာရရှိခဲ့တာကြောင့် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေပါပဲလို့ မေဆူးမောင်က ဆိုတယ်။

“ည ဇာတ်ကားမှာပါဖို့ အရွေးခံရတော့ ဒိုင်ယာလော့ခ်တွေ အားလုံးရအောင်အရင် ကျက်ရတယ်။ ပြီးမှသရုပ်ဆောင်ပိုင်းအတွက် လေ့ကျင့်ရတယ်။ ထပ်ခါထပ်ခါ လေ့ကျင့်ထားတာကြောင့် တကယ်ရိုက်တဲ့အခါ အခက်အခဲ သိပ်မရှိတော့ဘူး။ အဲဒီဇာတ်ကားထဲမှာညီမက သူများပြောသမျှယုံတတ်တဲ့ ခပ်တုံးတုံးကောင်မလေးတစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလေ့ကျင့်ပြီးမှ လုပ်ခွင့်ရတဲ့ဇာတ်ကားဆိုတော့ ကျေနပ်ပါတယ်” လို့ မေဆူးမောင်က ဆိုပါတယ်။

သရုပ်ဆောင်မော်ဒယ်လ် မေဆူးမောင်က သရုပ်ဆောင်တစ်ဦးအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ဖို့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဖွင့်လှစ်တဲ့ 3 H Art Academy မှာ တက်ရောက်သင်ကြားခဲ့သလို MRTV 4 Talent သင်တန်းမှာလည်း တက်ရောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ MRTV 4 က စီစဉ်ရိုက်ကူးတဲ့ ‘ပျားရည်အိုင်’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်လျက် ရှိနေပါတယ်။ နောက်ထပ်လည်း သူမအတွက် လိုက်ဖက်တဲ့ဇာတ်ကောင်စရိုက်တွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။

မော်ဒယ်လ်သရုပ်ဆောင်မေဆူးမောင်က လက်ရှိအချိန်အထိ ဖြတ်သန်းခဲ့ပြီးတော့ အနုပညာခရီးလမ်းနဲ့ ပတ်သက်ပြီးတော့ “ညီမဒီအလုပ်ကို ဝါသနာပါလို့ ကြိုးစားပြီးတော့ လုပ်ကိုင်ခဲ့တယ်။ ပရိသတ်အသိအမှတ်ပြုတဲ့ နေရာလေးတစ်ခုတော့ ရှိတယ်ဆိုပေမယ့် အများကြီး ကြိုးစားရဦးမှာပါ။ ညီမအနေနဲ့ လေ့လာဖြည့်ဆည်းရမှာတွေ အများကြီးရှိမှန်းလည်း သိပါတယ်။ ဒါကြောင့်ရှေ့ဆက်ပြီးတော့လည်း အများကြီးလေ့လာ ဖြည့်ဆည်းသွားပါဦးမယ်လို့ ရည်မှန်းထားတယ်” လို့ မေဆူးမောင်ကဆိုပါတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ မျက်နှာထားတည်တည်နဲ့ မော်ဒယ်လ်ဟန်ပန်အပြည့် ပိုင်ဆိုင်ထားသူ သရုပ်ဆောင် မော်ဒယ်လ်မေဆူးမောင်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရတွေ၊ အနုပညာလောကထဲ စတင်ရောက်ရှိခဲ့တဲ့ အမှတ်တရတွေ၊ လက်ရှိ အနုပညာလောကထဲ ဖြတ်သန်းနေပုံတွေကို မေးမြန်းတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ဦးအနေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သလို သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်လက်ခံနိုင်ဖို့ပါ ကြိုးစားလျှောက်လှမ်းနေသူ မေဆူးမောင်ရဲ့ သရုပ်ဆောင် စွမ်းရည်ကိုလည်း ဇူလိုင် ၂၈ ရက်မှာစတင် ပြသတော့မယ့် ‘ည’ ဇာတ်ကားမှာ အကဲဖြတ်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အနုပညာရှင်တွေရဲ့ စိတ်ဝင်စားဖွယ် ငယ်စဉ်ဘ၀ အမှတ်တရတွေ၊ အနုပညာလောကထဲရောက်ရှိ ဖြတ်သန်းခဲ့ပုံတွေ၊ ရှေ့ဆက်လှုပ်ရှားသွားမယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Writer:
လင်းလင်းခိုင်

Most Read

Most Recent