အမျိုးသားအဆိုတော် ရှစ်ဦးပါဝင်မည့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်နှင့်မန္တလေးမြို့တွင် ကျင်းပမည်

X- Box ၏ဖျော်ဖြေမှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-နေ၀န်းထက်)

အမျိုးသားအဆိုတော် ရှစ်ဦးပါဝင်ဖျော်ဖြေမည့် ဂီတဖျော်ဖြေပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၄ ရက်၌ကျင်းပကာ မန္တလေးမြို့တွင် အောက်တိုဘာ ၅ ရက်၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဖျော်ဖြေပွဲများကို Bo Bo Entertainment မှစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖျော်ဖြေပွဲက ကျွန်တော်တို့ Bo Bo Entertainment ကနေလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေနဲ့မတူတဲ့ ပုံစံသစ်တစ်ခုနဲ့ ကျင်းပသွားမှာပါ။ အဲဒီအတွက် ဖျော်ဖြေပွဲစတိတ်ဒီဇိုင်းတွေ သီချင်းပုံစံတွေကအစ သေချာစီစဉ်ထားပါတယ်။ ဒီပွဲနှစ်ပွဲမှာဆိုရင် အမျိုးသားအဆိုတော်တွေချည်း ရှစ်ယောက်သီးသန့် လုပ်ဖြစ်ပါတယ်။ ဒီပွဲကလုပ်မယ်ဆိုပြီး ရွှေ့ထားခဲ့ပြီးမှ ပြန်လုပ်ဖြစ်တဲ့ပွဲပါ။ နောက်ပွဲတွေမှာဆိုရင်တော့ ကျွန်တော်တို့ပွဲတွေမှာ ပါဝင်နေကျ အမျိုးသမီးအဆိုတော်တွေလည်း ပါဝင်ကြမှာပါ။ ဒီပွဲက ၂၀၁၇ ခုနှစ်ထဲမှာ မတူညီတဲ့ တင်ဆက်မှုအသစ်တွေနဲ့ စပြီးကျင်းပတဲ့ပွဲပါ။ သီဆိုမှုပိုင်းမှာလည်း အဆိုတော်တွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး သေချာလုပ်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဖျော်ဖြေပွဲတွေက နိုင်ငံတကာပွဲတွေလည်း ၀င်လာပြီဆိုတော့ ကိုယ့်ဘက်ကလည်း နိုင်ငံတကာ ဖျော်ဖြေပွဲတွေလိုမျိုး တင်ဆက်နိုင်အောင်လို့ သေချာစီစဉ်ထားပါတယ်” ဟု Bo Bo Entertainment မှ ကိုဘိုစန်းက ဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲနှစ်ပွဲလုံးတွင် စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဘန်နီဖြိုး၊ X- Box၊ G-Fatt နှင့် ရွှေထူးတို့ပါဝင်ကြမည်ဟု သိရသည်။

လက်မှတ်များကို ကြိုတင်ရောင်းချသွားရန် စီစဉ်ထားပြီး လက်မှတ်ဝယ်ယူနိုင်သည့် နေရာများကိုလည်း ပိုမိုတိုးချဲ့သွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်မြို့၌ အောက်တိုဘာ ၄ ရက်တွင် Thuwunna Bhumi Event Park ၌ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ ၅ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် မန္တလေးမြို့ ဗထူးအားကစားကွင်းအတွင်း၌ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သိရသည်။