ကမ္ဘာတစ်ဝန်း ဒုက္ခသုက္ခများကို ကိုယ်တွေ့မြင်တွေ့မှုက ရုပ်ရှင်ရိုက်ရန် လှုံ့ဆော်ပေးခဲ့ဟု ဂျိုလီ ပြောကြား

ကမ္ဘာတစ်ဝန်း ဒုက္ခသုက္ခများကို ကိုယ်တွေ့မြင်တွေ့မှုက ရုပ်ရှင်ရိုက်ရန် လှုံ့ဆော်ပေးခဲ့ဟု ဂျိုလီ ပြောကြား
Published 13 September 2017

အော်စကာဆုရ သရုပ်ဆောင် အင်ဂျလီနာဂျိုလီက ကင်မရာနောက်ကွယ်တွင်ပါဝင်ရန် လုံးဝမရည်ရွယ်ခဲ့သော်လည်း ကုလသမဂ္ဂအတွက် ကမ္ဘာတစ်ဝန်း ခရီးသွားရောက်စဉ် ပဋိပက္ခများကို မြင်တွေ့ခဲ့မှုက ၎င်းကိုဇာတ်ကားများရိုက်ကူးရန် စေ့ဆော်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

“ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဖန်တီးနိုင်လိမ့်မယ် ဒါမှမဟုတ် ရိုက်ကူးနိုင်လိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး” ဟု ဂျိုလီက တိုရွန်တိုရုပ်ရှင်ပွဲတော်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၇ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့်တိုရွန်တို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ဂျိုလီဒါရိုက်တာအဖြစ် ရိုက်ကူးသည့် ကမ္ဘောဒီးယားလူမျိုးသုဉ်း သတ်ဖြတ်မှုအကြောင်း ရုပ်ရှင် First They Killed My Father နှင့် ၎င်းထုတ်လုပ်သူအဖြစ် ပါဝင်သည့် အန်နီမေးရှင်းဇာတ်ကား The Breadwinner ကိုမိတ်ဆက်ပြသခဲ့သည်။ ကမ္ဘောဒီးယားစစ်ပွဲ နောက်ခံဇာတ်ကား First They Killed My Father ကို စက်တင်ဘာ ၁၅ ရက်တွင် Netflix ၌ထုတ်လွှင့်မည်ဖြစ်သည်။ မိသားစုကို လုပ်ကျွေးရန်အတွက် ဆံပင်ဖြတ်ပြီး ယောကျ်ားလေးတစ်ဦးလို နေထိုင်ခဲ့သည့် အာဖဂန် မိန်းကလေးတစ်ဦးအကြောင်း ရိုက်ကူးထားသည့် The Bread-winner ဇာတ်ကားကို ဆောင်းရာသီတွင် ဖြန့်ချိမည်ဖြစ်သည်။

ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့သည့် ဘော့စနီးယားစစ်ပွဲနောက်ခံ ဒရာမာဇာတ်ကား In The Land Of Blood And Honey ၏ အထူးသံတမန်တစ်ဦးအဖြစ် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ၏ စေ့ဆော်မှုကြောင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဂျိုလီကဆိုသည်။

“ယူဂိုဆလားဗီးယား စစ်ပွဲအကြောင်းကို ကျွန်မပိုပြီး လေ့လာချင်ခဲ့တယ်။ ကုလသမဂ္ဂ သံတမန်တစ်ဦးအနေနဲ့ အဲဒီဒေသကို သွားရောက်ခဲ့တယ်။ အဲဒီမှာဖြစ်တဲ့စစ်ပွဲကို ကျွန်မတကယ့်ကို နားမလည်ခဲ့ဘူး” ဟု ဂျိုလီက ပြောကြားခဲ့သည်။

First They Killed My Father ကိုမူ သားဖြစ်သူ မက်ဒေါ့စ်၏ မွေးရပ်မြေဖြစ်သည့် ကမ္ဘာဒီးယားနိုင်ငံ သမိုင်းကြောင်းကို ပိုမိုသိရှိလိုသည့် စေ့ဆော်မှုကြောင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဂျိုလီက ပြောကြားခဲ့သည်။