နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ပါဝင်မည့် Monsoon Madness Music Festival တွင် တေးသံရှင် Mary ပါဝင်ဖျော်ဖြေမည်

နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ပါဝင်မည့် Monsoon Madness Music Festival တွင် တေးသံရှင် Mary ပါဝင်ဖျော်ဖြေမည်
Published 11 September 2017

Monsoon Madness Music Festival တွင် ပါဝင်ဖျော်ဖြေမည့် တေးသံရှင် Mary

နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ပါဝင်မည့် Monsoon Madness Music Festival တွင် တေးသံရှင် Mary က ပထမဆုံး စင်မြင့်ဖျော်ဖြေမှုအဖြစ် တင်ဆက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် Monsoon Madness Music Festival Page တွင် တရားဝင် ထုတ်ပြန်ကြေညာထားခဲ့သည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး Thuwunna Indoor Stadium ၌ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းဒီဂျေများ အပါအဝင် နိုင်ငံတကာမှ ထင်ရှားသည့် ဒီဂျေများ၊ ပြည်တွင်းမှထင်ရှားသည့် ဒီဂျေများ၊ ထိပ်တန်း အနုပညာရှင်များက အဆိုပါဖျော်ဖြေပွဲတွင် ပါဝင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“Monsoon Madness Music Festival က ထူးခြားခမ်းနားစွာ ကျင်းပသွားမယ့် အစီအစဉ်တစ်ခုပါ။ ဒီအစီအစဉ်မှာ နိုင်ငံတကာက ဂီတပညာရှင်တွေ ပါဝင်ဖျော်ဖြေ တင်ဆက်ပါမယ်။ ဂီတအမျိုးအစားစုံ ပါဝင်တင်ဆက်မှာ ဖြစ်တဲ့အတွက် ဂီတအမျိုးအစားစုံကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် ကြိုက်နှစ်သက်ရာ ဂီတကို ရွေးချယ်ခံစားရမှာပါ။ ဖက်ရှင်နဲ့ပတ်သက်လို့လည်း ကမ္ဘာ့ထိပ်တန်းဖက်ရှင် Brand တွေကို မော်ဒယ်လ်တွေက ဝတ်ဆင်ပြသမယ့် ဖက်ရှင်ရှိုးတွေ ပါဝင်ပါမယ်။ လှပခမ်းနားတဲ့ ဖက်ရှင်ရှိုးအစီအစဉ်၊ မြူးကြွမယ့် ဂီတဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အံ့မခန်းရသမျိုးစုံကို ပေးစွမ်းမှာပါ” ဟု အဆိုပါ အစီအစဉ်အား စီစဉ်သည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တေးသံရှင် Lil'Z ဖြင့် တွဲဖက်သီဆိုထားသည့် ‘မငိုပါနဲ့တော့’ သီချင်းဖြင့် ပရိသတ်စတင် သတိထားမိစေကာ ‘ဝဲ’ တေးသီချင်းနှင့် ‘Mask’ တေးသီချင်းများဖြင့် ပရိသတ်အခိုင်အမာ ရရှိစေခဲ့သူ တေးသံရှင် Mary သည် သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သူဖြစ်သည်။ Mary ၏ တတိယမြောက် တေးသီချင်းအဖြစ် 3 am ကိုလည်း နားဆင်နိုင်ရန် လွှင့်တင်ထားကာ ပရိသတ်များနှင့် တွေ့ဆုံမှုကိုလည်း စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်ခဲ့သည်။ ယခုအခါ ပထမဆုံး စင်မြင့်ဖျော်ဖြေမှုအဖြစ် Monsoon Madness Music Festival တွင် ပါဝင်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားခြင်းဖြစ်သည်။

Monsoon Madness Music Festival တွင် ကမ္ဘာ့အကောင်းဆုံး Top 100 DJ List တွင် နံပါတ်ရှစ်နေရာ ရရှိထားသည့် Oliver Heldnes၊ နိုင်ငံတကာတွင် ထင်ရှားသည့် Axwell/\Ingrosso၊ Ummet Ozcan တို့က Headliners များအဖြစ် ပါဝင်မည်ဖြစ်ပြီး Supporting Artist အဖြစ် Far East Movement က ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းမှ အနုပညာရှင်များ အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများ၊ Mary၊ အမွန်း၊ Project-K တို့က ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Monsoon Madness Music Festival တွင် ဂီတဖျော်ဖြေမှုများနှင့်အတူ ထင်ရှားသည့် အမှတ်တံဆိပ်များ၊ ဖက်ရှင်ဒီဇိုင်းများအား ပါဝင်ပြသမည့် ဖက်ရှင်ရှိုးကိုပါ ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Monsoon Madness Music Festival တွင် ပါဝင်ဖျော်ဖြေမည့် အကြောင်းကို တေးသံရှင် Mary ကလည်း ပရိသတ်များထံ အသိပေးထားသည်။

Most Read

Most Recent