ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆုကို The Shape of Water ဇာတ်ကား ဆွတ်ခူး

ဒါရိုက်တာ ဂီလာမိုဒယ်တိုရို (ယာစွန်) ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် The Shape of Water ဇာတ်ကားမှ သရုပ်ဆောင်များနှင့်အတူတွေ့ရစဉ်

မက္ကဆီကို ဒါရိုက်တာဂီလာ မိုဒယ်တိုရိုရိုက်ကူးသည့် အမေရိကန်စိတ်ကူးယဉ် သိပ္ပံဇာတ်ကား The Shape of Water က စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည့် (၇၄) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ပိတ်ပွဲတွင် ရွှေခြင်္သေ့ဆုကို ဆွတ်ခူးခဲ့သည်။

The Devil’s Backbone? Pan’s Labyrinth စသည့်သည်း ထိတ်ရင်ဖိုဇာတ်ကားများကို ရိုက်ကူးခဲ့သည့် ဒယ်တိုရိုက The The Shape of Water ဇာတ်ကားကို ၎င်း၏အကောင်းဆုံးအနုပညာ ဖန်တီးမှုဟု ချီးကျူးခံရမှုကို နှစ်သက် ကြည်နူးမိသည်ဟု ပြောကြားခဲ့သည်။ ၎င်းရရှိသည့် ဆုသည် မက္ကဆီကို နိုင်ငံသားများနှင့် လက်တင် အမေရိကဒါရိုက်တာ အားလုံးနှင့်သက်ဆိုင်သည်ဟု ဒယ်တိုရိုက ပြောကြားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားသည့်အစိုးရ ဓာတ်ခွဲခန်းတစ်ခု၌ မိတ်ဆွေတစ်ဦးနှင့်အတူ အလုပ်ဝင်နေသည့် ဆွံ့အသူတစ်ဦးက ဓာတ်ခွဲခန်းရှိ မှန်ရေတိုင်ကီထဲမှ ကုန်းနေရေနေ သတ္တ၀ါတစ်ကောင်ကို တွေ့ရှိခဲ့ပြီးနောက် ယင်းသတ္တ၀ါနှင့် မိတ်ဆွေဖြစ်ခဲ့သည့် အကြောင်းရိုက်ကူးထားသည့် The The Shape of Water ဇာတ်ကားတွင် ဆယ်လီဟော့ကင်း၊ မိုက်ကယ်ရှန်နွန်နှင့် ရစ်ချက်ဂျန်ကင်တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ဒီဇင်ဘာ ၈ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည် ဖြစ်သည်။

ပြင်သစ်ဒါရိုက်တာ Xavier Legrand ရိုက်ကူးသည့် မိဘနှစ်ဦးအကြား ပဋိပက္ခဖြစ်မှုတွင် ဓားစားခံဖြစ်ခဲ့ရသည့် ကလေးတစ်ဦးအကြောင်း ဇာတ်ကား Custody ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ငွေခြင်္သေ့ဆုကို ဆွတ်ခူးခဲ့သည်။

ဗြိတိန်သရုပ်ဆောင် ရှားလောရမ့်လင်းက အီတလီဇာတ်ကား Hannah ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ပါလက်စတိုင်းသရုပ်ဆောင် Kamel El Basha က The Insult ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ ယခုနှစ် ရုပ်ရှင်ပွဲတော်တွင် ရွှေခြသေ့င်္ဆုအတွက် ဇာတ်ကား ၂၁ ကား ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်တမ်းအကြာဆုံးရုပ်ရှင် ပွဲတော်တစ်ခုဖြစ်သည့် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ၁၉၃၂ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ယင်းရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲတွင် ပွဲဦးထွက်ပြသရန် ရွေးချယ်ခံရသည့်ဇာတ်ကားများသည် အော်စကာဆုအတွက် အလားအလာရှိသည့် ဇာတ်ကားများဟု ယူဆခံခဲ့ရသည်။