Joanne ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ပြီးလျှင် ဂီတအလုပ်များ ရပ်နားမည်ဟု လေဒီဂါဂါ ပြောကြား

Joanne ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ပြီးလျှင် ဂီတအလုပ်များ ရပ်နားမည်ဟု လေဒီဂါဂါ ပြောကြား
Published 10 September 2017

အဆိုတော် လေဒီဂါဂါက ပဉ္စမမြောက်အယ်လ်ဘမ် Joanne အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ပြီးဆုံးလျှင် ဂီတအလုပ်ကို ရပ်နားရန် စီစဉ်ထားသည်ဟု စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ် သြဂုတ်တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ စတင်ခဲ့သည့် အဆိုပါ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို ဒီဇင်ဘာ ၁၈ ရက်တွင် အမေရိကန်ပြည်ထောင်စု Inglewood မြို့တွင် အဆုံးသတ်မည်ဖြစ်သည်။

“ကျွန်မ အနားယူတော့မှာပါ” ဟု ဂါဂါက တိုရွန်တိုရုပ်ရှင်ပွဲတော်တွင် Gaga: Five Foot Two မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပြသသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Super Bowl ဖျော်ဖြေပွဲ၊ နာတာရှည် ဝေဒနာကြောင့် ရုန်းကန်ခဲ့ရမှုနှင့် ၎င်း၏ ဘဝမှတ်တမ်းများအကြောင်း ပါဝင်သည့် ယင်းမှတ်တမ်းရုပ်ရှင်ကို Netflix ၌ စက်တင်ဘာ ၂၂ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။ နာတာရှည်ဝေဒနာနှင့် ရုန်းကန်ရမှုအကြောင်းကို မေးမြန်းစဉ် ဂါဂါသည် မျက်ရည်ကျခဲ့ရသည်။ ယင်းရောဂါကြောင့် ဂါဂါသည် စက်တင်ဘာ ၄ ရက်တွင် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့၌ပြုလုပ်ရန် စီစဉ်ထားသည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရသည်။

“အချိန်ဘယ်လောက်ကြာမယ်လို့တော့ ကျွန်မ မသိဘူး။ အနားယူတယ်ဆိုတာ ကျွန်မ ဖန်တီးမှုတွေ မလုပ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်မမှာ လိုတဲ့အခါထုတ်သုံးဖို့ အရန်သင့်မရှိဘူးလို့လည်း  မဆိုလိုပါဘူး။ အခုအချိန်မှာတော့ ထုတ်မပြောနိုင်သေးဘူး” ဟု ဂါဂါက ပြောကြားခဲ့သည်။

မကြာမီကမှ အသက် ၃၁ နှစ် ပြည့်ခဲ့သည့် ဂါဂါသည် ဂီတသက်တမ်း ဆယ်စုနှစ်တစ်ခုအတွင်း အယ်လ်ဘမ်ငါးခုဖြန့်ချိခဲ့ပြီး သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး အဆိုတော်စာရင်းတွင် ပါဝင်ခဲ့သည်။ ဂါဂါသည် A Star is Born ဇာတ်ကားတွင် ဘရက်ဒလေကူးပါးနှင့် တွဲဖက်သရုပ်ဆောင်ထားသည်။

Bad Romance၊ Telephone၊ Alejandro ၊ Born This Way သီချင်းများဖြင့်အောင်မြင်ခဲ့သည့် ဂါဂါသည် ဂင်းနက်စ်မှတ်တမ်းတွင် ကြိမ်ဖန်များစွာဖော်ပြခံခဲ့ရပြီး ဂရမ်မီဆု ခြောက်ဆု၊ Billboard ၏ တစ်နှစ်တာ အကောင်းဆုံး အဆိုတော်ဆုနှင့် ရွှေကမ္ဘာလုံးဆုများကိုလည်း ရရှိခဲ့သည်။

Most Read

Most Recent