မွန်းဂျွန်းယန်းက Glass Garden ဇာတ်ကားဖြင့် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်

မွန်းဂျွန်းယန်းက Glass Garden ဇာတ်ကားဖြင့် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်
Published 9 September 2017

ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုများ ရပ်နားခဲ့သည့် ကိုရီးယားသရုပ်ဆောင် မွန်းဂျွန်းယန်းသည် Glass Garden ဇာတ်ကားဖြင့် အနုပညာလောကသို့ တစ်ကျော့ပြန် ဝင်ရောက်မည်ဟု ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

မွန်း၏ ဇာတ်ကားသစ်ကို အောက်တိုဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် (၂၂)ကြိမ်မြောက် ဘူဆန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲနေ့တွင် ပွဲဦးထွက်ပြသမည်ဖြစ်သည်။ဒါရိုက်တာ ရှင်ဆိုဝမ် ရိုက်ကူး သည့် ယင်းဇာတ်ကားတွင်  မွန်းက လူသူဝေးရာအရပ်၌ နေထိုင်ခဲ့ပြီးနောက် ထူးဆန်းသော ဖြစ်စဉ်တစ်ခုတွင် မျက်မြင်သက်သေဖြစ်ခဲ့သည့် သုတေသနကျောင်းသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ မွန်းသည် ယင်းဇာတ်ကားကို  ၂၀၁၆ ခုနှစ် မေနှင့် ဇူလိုင်အတွင်း ရိုက်ကူးခဲ့သည်ဟု သိရသည်။  မွန်းသည် ဘူဆန်ရုပ်ရှင်ပွဲတော်ကို တက်ရောက်မည်ဟု ၎င်း၏အေဂျင်စီ Namoo Actors က စက်တင်ဘာ ၇ ရက်တွင် အတည် ပြုခဲ့သည်။

အသက် ၃၀ အရွယ်ရှိ မွန်းသည်  ဖေဖော်ဝါရီတွင် အာရုံကြောများနှင့် ကြွက်သားဆဲလ်များသို့ သွေးစီးဆင်းမှုကို တားဆီးသည့် အထူး စိုးရိမ်ဖွယ်ရာအဆင့်ရှိသော Compartment  ရောဂါလက္ခဏာများဖြစ်ပွားခဲ့ သောကြောင့် ခွဲစိတ်ကုသမှု လေးကြိမ်ခံယူခဲ့ရသည်။ နောက်ဆုံးအကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် မွန်း၏ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာပြီးဖြစ်သော်လည်း အပြည့်အ၀ နာလန်ထူနိုင်ရန် ကုသမှု ခံယူရဦးမည်ဟု ၎င်း၏အေဂျင်စီက မတ်တွင် ထုတ်ပြန်ခဲ့သည်။ မွန်း၏ ကျန်းမာရေးအခြေအနေကြောင့် Romeo and Juliet ပြဇာတ်တွင် ပါဝင်မှုကို ဖျက်သိမ်းခဲ့ရသည်။

အသက် ၁၀ နှစ်အရွယ်တွင် ကလေး မော်ဒယ်အဖြစ် အနုပညာအလုပ်များ လုပ်ကိုင်ခဲ့သည့်  မွန်းသည် ၂၀၀၀ ပြည့်နှစ်က ဖြန့်ချိခဲ့သည့် Autumn in My Heart ဇာတ်ကားတွင် အွန်စောငယ် ဘဝဇာတ်ကောင် အဖြစ် လူသိများခဲ့သည်။  မွန်းသည်  A Tale of Two Sisters၊ My Little Bride နှင့် Innocent Steps ဇာတ်ကားတို့ဖြင့်  ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ၎င်းသည် Grand Prize (“Daesang”) ဆုရရှိခဲ့သည့် အသက် အငယ်ဆုံး သရုပ်ဆောင်လည်းဖြစ်သည်။

မွန်းသည် Goddess of Fire ဇာတ်လမ်းတွဲတွင် တွဲဖက်သရုပ်ဆောင်ခဲ့သည့် Kim Bum  နှင့် ခုနစ်လကြာတွဲခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီတွင် လမ်းခွဲခဲ့သည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent