ရွှေသင်္ကန်း ကပ်ဟန်ဆောင်ကာ ရွှေခွာခိုးယူသူအား ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ အောက်တိုဘာ ၁၉ ရက် တွေ့ရစဉ်

မန္တလေးမဟာမုနိဘုရားကြီးတွင် ရွှေသင်္ကန်း ကပ်ဟန်ဆောင်ကာ ရွှေခွာခိုးယူသူကို အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်က မဟာမုနိရုပ်ပွားတော်ကို ရွှေသင်္ကန်း ကပ်လှူနေသည့် အမျိုးသားတစ်ဦးက ရွှေများ ပြန်လည်ခွာယူနေသည်ကို စီစီတီဗွီကင်မရာ မှတ်တမ်းမှ တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်ခဲ့ရာ နောက်တစ်ကြိမ် ပြန်လည်လာရောက်ကာ ရွှေများ ထပ်မံခွာယူနေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က (အောက်တိုဘာ ၁၈ ရက်) ခိုးယူထားတာကို စီစီတီဗွီကနေ မြင်ထားတယ်။ ဒါကြောင့် စခန်းမှာအမှုဖွင့်ဖို့ ဆောင်ရွက်နေစဉ်မှာပဲ သူက နောက်တစ်ခေါက် ထပ်လာတာကို တွေ့ရတယ်။ အင်္ကျီလက်ရှည်ဝတ်ထားပြီး စတီးပိုက်လေးပါလာတယ်။ အဲဒီစတီးပိုက်နဲ့ ရွှေတွေ ခြစ်ယူသွားတာပါ။ နောက်တစ်ခေါက် ထပ်လာတဲ့အချိန် မွန်းလွဲ ၃ နာရီမှာပဲ ဖမ်းမိတာဖြစ်ပါတယ်။ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောကြားသည်။

စခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ ရွှေခွာခိုးယူသူမှာ ထွန်းအောင်ကျော် (၃၀ နှစ်) အကွက် (၆၅၀)၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို (ပ) ၄၀/၂၀၁၇၊ ပုဒ်မ ၃၇၉/၂၉၅ တို့ဖြင့် အမှတ်(၁၀)ရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း တာဝန်ကျအရာရှိ တစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မန္တလေးမဟာမုနိဘုရားကြီးတွင် ရွှေသင်္ကန်းကပ်ဟန်ဆောင်ပြီး ရွှေခွာခိုးယူသူအား ဖမ်းမိ
October 19th, 2017

1 6 7 8 9 10 35